နေပြည်တော်  ၁၉  နိုဝင်ဘာ  

 

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ၂၀၁၆ ခုနှစ် သြဂုတ် ၂၄  ရက်က  ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီများ၊ အထိမ်းအမှတ် အဆောက်အအုံများ ပြန်လည်မွမ်းမံခြင်းနှင့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် နည်းပညာဆိုင်ရာ  တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး  Technical Coordination Forum on Safeguarding Bagan နှင့် ပထမအကြိမ်  International Coordination Committee (ICC) ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ  ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပသည်။

 

ပြည်တွင်း/ ပြည်ပ ပညာရှင်များအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်တွင် ပြုပြင်ထိန်းသိမ်း မှုဆောင်ရွက်မှုများနှင့် ပတ်သက်၍ နန်းဘုရား၊ မယ်တော်ရပ်၊ မြင်းပြဂူဘုရား၊ အာနန္ဒာ အုတ်ကျောင်း၊ အာနန္ဒာဘုရား၊ ကျောက်ဂူဥမင်၊ မီးငြိမ်းကုန်းဘုရား၊ လောကထိပ်ပန်ဘုရား၊ ဘုရားသုံးဆူ၊ နရသီဟပတေ့ဘုရားတို့သို့  သွားရောက်လေ့လာသည်။

 

နည်းပညာဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး  Technical Coordination Forum on Safeguarding Bagan နှင့် ပထမအကြိမ်  International Coordination Committee (ICC) ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်တွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အဖွင့်အမှာစကား ပြောကြားပြီး  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး၊ အိန္ဒိယ ကောင်စစ်ဝန်ချုပ်၊ ကိုရီးယားသမ္မတနိုင်ငံ  Korea Cultural Heritage Foundation  မှ   Planing Director   Mr. Kwon  Sugju  ၊  UNESCO , Yangon  Office မှ  Head တို့က အမှာစကား ပြောကြားကြသည်။

 

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဂုဏ်ထူးဆောင်ပါမောက္ခ (မြို့ပြအိမ်ရာဌာန) ဒေါက်တာ အောင်ကျော်မြတ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ Technical Support Team (TST)တို့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီများ၊ အထိမ်း အမှတ်အဆောက်အအုံများ ပြန်လည်မွမ်းမံခြင်းဆိုင်ရာများနှင့်ပတ်သက်၍ နိုင်ငံတကာ စံချိန်၊  စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးသည်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင် နိုင်ငံများမှ ပုဂံဒေသကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  ငလျင်ဒဏ်ခံဘုရားများ ပြုပြင်ထိန်းသိမ်းရာတွင် အလှူငွေရရှိ၊ အသုံးပြုမှုစာရင်းကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးက ငလျင်ဒဏ်ခံဘုရားများ ပြန်လည် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက် အဦ အထူးအဖွဲ့(၇)က ငလျင်ဒဏ်ခံဘုရားများ ပြန်လည်ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများကို လည်းကောင်းဆွေးနွေးတင်ပြပါသည်။  Technical Advisory Group  Expert                    Mr. Rodolfo Lujan  နှင့်  Mr. Arun Menon တို့က  ငလျင်ဒဏ်ခံဘုရားများ ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများကအထွေထွေ ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍   Forum   နှင့်  ညှိနှိုင်းအစည်းအဝေးတို့တွင် ကွင်းဆင်းစစ်ဆေး၊ ဆွေးနွေးမှုရလဒ်များကို ပြန်လည်ဆွေးနွေးသုံးသပ်သည်။  ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်) 

99856220