နေပြည်တော် ၊ ၃၀   ဇန်နဝါရီ 

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တတိယအကြိမ် လွှတ် တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစားခန်းမ ဆောင်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ဆက်လက်ထိုးနှံပေးကြသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးကြရာတွင် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား နံနက် ၉ နာရီတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လွှတ်တော်ကိုယ်စား လှယ်များအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက် ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းစသည့် ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကြသည်။

ယနေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀)၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅၆)ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ်ထိုးနှံခဲ့ကြသူများအနေဖြင့် ပထမအကြိမ်ဆေးထိုးပြီးနောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံကြရမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း-မျိုးမင်းနိုင်၊ ဓာတ်ပုံ- ကိုကြီးထိန်(MNA)