မောင်ချစ်လင်း(အင်းတော်)

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် စက်တော ကျေးရွာတွင် ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော်ကို မတ် ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ထံမှ ပေးပို့သော သဝဏ်လွှာအား ဗန်းမောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက လည်ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ထံမှ ပေးပို့သောသဝဏ်လွှာအား ချင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း က လည်းကောင်း ဖတ်ကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင် က အမှာစကားပြောကြားကာ ကတူးအမျိုးသားအဖွဲ့ နာယက ဦးမောင်ကြည်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ကတူးအမျိုးသားအဖွဲ့ဥက္ကဋ္ဌ ဦးအောင် ဝင်းတင်က ကတူးတိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သော အကြောင်းအရာများကို ဖတ်ကြားတင်ပြ ပြီး အလှူရှင်များအား မှတ်တမ်းဂုဏ်ပြုလွှာများ ပေးအပ် ကာ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ ကြောင်း သိရပါသည်။

 

ယင်းနောက် ကတူးတိုင်းရင်းသားများ၏ ရိုးရာ အသုံးအဆောင်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

''ဒီလိုရိုးရာပွဲတော်ကြီးကို ကျင်းပတာကတော့ ကိုယ့် လူမျိုးကို ချစ်တတ်လာအောင်၊ ကိုယ့်ရိုးရာတွေကို ထိန်းသိမ်း တတ်လာအောင်၊ နောက်ဆုံးရည်မှန်းချက်ပန်းတိုင် ကတော့ ကိုယ့်တိုင်းရင်းသားရိုးရာကြီးကို ကျယ်ကျယ် ပြန့်ပြန့် ဖော်ထုတ်ပြီးတော့ အမိမြန်မာနိုင်ငံတော်ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ဖို့ပါ။ ဒီရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာ ဖြစ်ပါတယ်''လို့ ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော် ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ဝင် ဆရာတော် ဦးကိတ္တိသာရက မိန့်ကြားပါတယ်။

 

အခမ်းအနားသို့ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော်၊ ကသာ၊ မိုးကောင်း ၊ မြစ်ကြီးနားမြို့နယ်များမှ ကချင်၊ ကနန်း ၊ ရှမ်းနီနှင့် ကတူး စသော တိုင်းရင်းသားများ တက်ရောက်ကြောင်း သိရသည်။

 

ကတူးတိုင်းရင်းသားများရိုးရာပွဲတော်ကို ၂ဝ၁၇ ခုနှစ် က ပင်လည်ဘူးမြို့နယ် တောင်ကုန်းမြောက်ကုန်းရွာမှာ စတင်ကျင်းပခဲ့ပြီး အင်းတော်မြို့နယ်တွင် ဒုတိယအကြိမ်၊ ဗန်းမောက်မြို့နယ်တွင် တတိယအကြိမ်အဖြစ် ကျင်းပတာ ဖြစ်ကြောင်း ပွဲတော်ရက်မှာ မတ် ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင် နှစ်စဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

''ကျွန်မတို့ တိုင်းရင်းသားတွေဟာဆိုရင် ခေတ် အဆက်ဆက် ပညာရေး၊ ကျန်းမာရေးဟာ အလွန်နိမ့်ကျ နေပါတယ်။ ဒါပေမယ့် အခုကတော့ နည်းနည်းဖွံ့ဖြိုး တိုးတက်လာပြီဖြစ်လာတဲ့အခါကျတော့ ပညာရေး၊ လူမှု ရေး နည်းနည်းပွင့်လင်းလာပါတယ်။ ထင်သလောက် မတိုးတက်လာသေးပါဘူး။ ဒီထက်ပိုမိုကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေးတွေ လိုအပ်ပါတယ်။ နိုင်ငံတော်မှ လည်း ကျွန်မတို့ တိုင်းရင်းသားတွေကို ပိုပြီးအလေးထား ဂရုစိုက်ပေးစေချင်ပါတယ်''ဟု ဗန်းမောက်မြို့နယ် ခိုပြင် ကျေးရွာမှ ကတူးတိုင်းရင်းသူ မစန္ဒာဝင်းက ပြောသည်။

 

''ဒီပွဲတော်ပြုလုပ်ခြင်းအားဖြင့် တိုင်းရင်းသားတွေ ကိုယ့်လူမျိုးကို ချစ်တတ်လာမယ်။ ငါ ကတူးပါဆိုပြီး သူတို့ စိတ်ထဲမှာ မျိုးချစ်စိတ်တွေ ကိန်းအောင်းပြီး မိမိလူမျိုးကို ချစ်တတ်လာမယ်။ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှု တွေကို ပိုပြီးတန်ဖိုးထားတတ်လာမယ်လို့ မြင်ပါတယ်။ အဓိကကတော့ ကျွန်မတို့မှာ စာပေလည်းမရှိသေးဘူး ဆိုတော့ တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ရမှာပဲ။ ပထမဦးဆုံး စာပေပေါ်ပေါက်ဖို့ အရေးကြီးပါတယ်။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဆိုတာလည်း ရှိရမယ်''လို့ ကတူးတိုင်းရင်းသူ မစန္ဒာဝင်းက ¤င်း၏အမြင်များကို ဆက်လက်ပြောသည်။

 

''အခုလာမယ့် ၂ဝ၂ဝ ပြည့်နှစ်အမီမှာတော့ သန်းခေါင်စာရင်းတွေကို အကုန်လုံးကောက်ဖို့ရှိပါတယ်။ အဲဒီမှာ အခြားမြို့နယ်ထက်ပိုပြီးတော့ ခက်ခဲနေတာက အင်းတော်မြို့နယ်ပါ။ အင်းတော်မြို့နယ်မှာဆိုရင် မှတ်ပုံတင်ကိစ္စဟာ အလွန်ကိုခက်ခဲနေတယ်ဆိုပြီးတော့ ကြားသိရ ပါတယ်။ သက်ဆိုင်ရာဌာနအဖွဲ့ အသီးသီးနဲ့ ဌာနဆိုင်ရာ အကူအညီများ ရယူပြီး သန်းခေါင်စာရင်းကို အမိအရကောက်သွားမှာ ဖြစ်ပါတယ်။ ကိုယ့်လူမျိုးအတွက် လုပ်တဲ့ပွဲတော်မှာ လာရောက်ပြီး ဝန်းရံစေချင် တာရယ်၊ အိမ်ထဲကအိမ်ပြင်မထွက်ခဲ့တဲ့စနစ်ကို အိမ်ပြင်ကိုထွက်ပြီးမှ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာအတွက်ကို အလုပ် လုပ်စေချင်တာရယ် ဒါကြောင့် တိုင်းရင်းသားအရေးတွေမှာ ပူးပေါင်း ပါဝင်ပေးကြဖို့ ပြောချင်ပါတယ်။ ဘယ်တိုင်းရင်းသားကိုမဆို ကတူးတိုင်းရင်းသားတွေက ချစ်ကြည်စွာနဲ့ ရင်းနှီးဖော်ရွေကာ ဆက်ဆံ နေတဲ့အကြောင်း တည်ငြိမ်အေးချမ်းစွာနေထိုင်ပြီး အမိမြန်မာ နိုင်ငံတော်ရဲ့ ဂုဏ်ကို ဒီထက်မက မြင့်အောင်ကြိုးစားမည်ဖြစ်ပါ ကြောင်း ဆရာတော် ဦးကိတ္တိသာရက ဆက်လက်မိန့်ကြားသည်။

 

ကတူးတိုင်းရင်းသားများမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဗန်းမောက် မြို့နယ်မှာ ၃၈ ရွာ၊ ပင်လည်ဘူးမြို့နယ်မှာ ၁၆ ရွာ၊ အင်းတော်မြို့နယ်မှာက ၃၄ ရွာ၊ ကသာမြို့နယ်မှာ ငါးရွာ၊ မိုးကောင်းမြို့နယ်မှာ ငါးရွာ စုစုပေါင်း ၉၈ရွာတွင် အများဆုံးနေထိုင်ကြကြောင်း သိရသည်။

 

၎င်းမြို့နယ်များအတွင်းနှင့် မြန်မာပြည်အနှံ့တွင် မှီတင်းနေထိုင်ကြသော ကတူးတိုင်းရင်းသားလူဦးရေမှာ ၁၈ဝဝဝဝ ခန့်ရှိမည် ဖြစ်ကြောင်း ကတူးတိုင်းရင်းသားများပြောကြားချက်အရ သိရသည်။

 

ကတူးတိုင်းရင်းသားအများစုမှာ တောင်ယာနှင့် လယ်ယာလုပ်ငန်း များကို အဓိကထား အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြပြီး ပင်လည်ဘူးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဆားချက်လုပ်ငန်း၊ တစ်နိုင် တစ်ပိုင် ရွှေလုပ်ငန်း၊ ယွန်းထည်လုပ်ငန်းများကို လုပ်ကိုင်ကြပြီး ဗန်းမောက်မြို့နယ်တွင်မူ တစ်နိုင်တစ်ပိုင် ရွှေလုပ်ငန်းလုပ်ကိုင်ကြကြောင်း သိရသည်။ ။

 

2