ရန်ကုန်-အောက်တိုဘာ ၇
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်၊၊
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သဘင်အစည်းအရုံးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကန်တော့ခံ သက်ကြီး သဘင်ပညာရှင် အဘိုးအဘွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက မုဒိတာစကားပြောကြားပြီး ကန်တော့ခံ သဘင်ပညာရှင် အဘိုးအဘွားများအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းငွေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း(၂၀၀)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်အိတ်(၅၀၀)တို့ကို ပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)နာယက ဦးချမ်းသာ၊ ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်၊၊
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်တော့ခံ သက်ကြီးသဘင်ပညာရှင် အဘိုး အဘွားများကို ပူဇော်ကန်တော့ကြသည်၊၊
ထို့နောက် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ဂါရဝပြု စကားပြောကြား၍ သဘင်သက်ကြီး ဘိုးဘွားများအား အခမ်းအနားသို့ တက်ရောက်လာကြသူများက ကန်တော့ကြပြီး ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်၊၊
ဆက်လက်၍ သဘင်သက်ကြီးဘိုးဘွားများ ကိုယ်စားသဘင်ပညာရှင် အဘိုး ဦးအောင်တင်ဝင်း က ဆုတောင်း မေတ္တာစကား ပြောကြားသည်၊၊
ယင်းနောက် သဘင်သက်ကြီး အဘိုး အဘွားများအား စိတ်ဓာတ်ခွန်အား ဖြည့်တင်းမှုအလှူအဖြစ် သဘင် မိသားစုများက ဆိုင်း၊ အက၊ အငြိမ့်၊ ဇာတ်တော်ကြီး၊ ဆက်ကပ်၊ မျက်လှည့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်၊၊
(သတင်းစဉ်)