နေပြည်တော် ၂၉ အောက်တိုဘာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Guangzhou Marine Geological Survey (GMGS) နှင့် China Geological Survey (CGS)၊ မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ်မြောက် သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သဘာဝသယံဇာတအရင်းအမြစ် ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Gaowen He နှင့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင် တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ပြည်တွင်းပြည်ပ တက္ကသိုလ်များမှ စာတမ်းရှင် ၄၁ ဦးတို့က အဏ္ဏဝါဘူမိ သိပ္ပံဆိုင်ရာ သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းကြပြီး အောက်တိုဘာ ၃၀ ရက်တွင် ပြည်တွင်းပြည်ပ တက္ကသိုလ် ၂၂ ခုမှ စာတမ်းရှင် ၄၉ ဦးတို့က သုတေသန စာတမ်းများကို ဆက်လက်ဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို အဆင့်မြင့်ပညာကဏ္ဏ တိုးတက်ရေးနှင့် ပင်လယ်ပြင် ဆိုင်ရာ ဘူမိဗေဒပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
စာတမ်းဖတ်ပွဲ ကျင်းပနိုင်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် အဏ္ဏဝါဘူမိသိပ္ပံဆိုင်ရာ အဆင့်မြင့်ပညာရပ်တွေကို ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာစိုးမိုးလွင်က ပြောသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး


