ကြာအင်းဆိပ်ကြီး   ၂၂   မေ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရေး တစ်ပိုင်တစ်နိုင်စီးပွားရေးမှ စီးပွားဖြစ်လုပ်ကိုင်လာနိုင်‌ပြီး ဝင်ငွေများ တိုးပွားလာစေရေးအတွက် အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း(၃၀ဝ)ဖြင့် မြစိမ်းရောင် (ငါးကဏ္ဍ)စီမံကိန်းကို အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြခတ်ချောင်းကျေးရွာအုပ်စု တုလေ့ကုန်းကျေးရွာ၌ အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း(၃၀ဝ)ဖြင့် မြစိမ်းရောင်(ငါးကဏ္ဍ)မှ ငါးမွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ၎င်းလုပ်ငန်းမှ အတိုးရငွေဖြင့်မတည်ကာ ကျေးရွာမီးလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာမီးလင်းရေးလုပ်ငန်းကို မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းမှ အတိုးရငွေကျပ်သိန်း(၆၀)ဖြင့် မတည်ကာ ကျေးလက်‌ပြည်သူ ထည့်ဝင်ငွေကျပ်သိန်း(၁၈၆) သိန်း စုစုပေါင်းငွေကျပ်(၂၄၆)သိန်းဖြင့် ၁၁ ကေဗီ/ဝ ဒသမ ၄ ကေဗီ ၁၀ဝ KVA မဟာဓာတ်အားလိုင်းမှ (၁၁၀ဝ၀)ကေဗီ ထရမ်စဖော်မာမှ တစ်ဆင့် ကျေးရွာအတွင်းသို့ (၄၀ဝ)ကေဗီ ဓာတ်အားလိုင်းအသစ်သွယ်တန်းခဲ့ပြီး မေလ ၁၉ ရက်နေ့မှစတင်ကာ ကျေးရွာအတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးနိုင်ခဲ့၍ ကျေးလက်ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)