မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ပြီး ဖဆပလအဖွဲ့ချုပ် အလံတော်အောက်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပေါင်းရုံးညီညွတ်စွာ လှုပ်ရှားခဲ့သောကြောင့် ခရစ်နှစ် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း၁၂၄ နှစ်တိုင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး၏ ဆုံးရှုံးခဲ့သော လွတ်လပ်ရေးကို ပြန်လည်ရယူကြေညာ နိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူရာ၌ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ တစုတရုံးတည်း စုစည်းညီညွတ်မှုအားကို ထူထောင်ပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့ကို အပြင်းအထန်ဆင်နွှဲခဲ့သည်။ ထို့နောက် အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုပြီးနောက် ပင်လုံ စာချုပ်ကို ချုပ်ဆို၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူပြကာ တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် ကြိုးပမ်းအားထုတ်ခဲ့သည်။

လွတ်လပ်သော နိုင်ငံတစ်နိုင်ငံကို ထူထောင်ရာ၌ အဓိကလိုအပ်ချက် ဖြစ်သည့် ပြည်သူလူထုက တညီတညွတ်တည်း ရွေးချယ်တင်မြှောက်သည့် - ပြည်သူ့အစိုးရ ပေါ်ပေါက်လာရေးနှင့် ထိုအစိုးရက တိုင်းပြည်ကို စနစ်တကျအုပ်ချုပ်နိုင်မည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲအတည်ပြုနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ ထိုသို့ လွတ်လပ်သောနိုင်ငံ ပေါ်ပေါက်လာအောင် အမျိုးမျိုးအဖုံဖုံ ကြိုးပမ်း အားထုတ်ပြီးနောက် လွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလိုတွင် အမျိုးသားသစ္စာဖောက် မသမာသူလူသတ်သမားတစ်စု၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရရှာ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အပြောမဟုတ် အလုပ်ဖြင့် သက်သေပြနိုင်ခဲ့သည်။ အတွေးမဟုတ် သွေးဖြင့် သက်သေပြနိုင်ခဲ့သည်။ သူ၏ ဆောင်ရွက် ချက်မှန်သမျှ၊ လုပ်ဆောင်မှုမှန်သမျှတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက်သာဖြစ်ခဲ့သည်။ သြဇာအာဏာ မမက်မောကြောင်းကိုလည်း “မြန်မာပြည်လွတ်လပ်ရေးရပြီးရင် ကျုပ်နိုင်ငံရေးနယ်ပယ်ကထွက်ပြီး စာရေးဆရာပဲလုပ်မယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေအချင်းချင်း အာဏာလုနေကြတာကို ဘေးထွက်ထိုင်နေရာက အားရပါးရဟားတိုက် ရယ်နေဦးမယ်ဗျာ” ဟူ၍ ပြောကြားခဲ့သည်။

ထိုစကားမျိုးကို ဗိုလ်ချုပ်အောင်ဆန်းသည် အကြိမ်ကြိမ်အခါခါ ပြောကြားခဲ့သည်။ ထိုစကားသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအမှန် ဖြစ်သည်။ ဗိုလ်ချုပ်သည် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ဘဝ၊ အသက် ပေးဆပ်ရန်အတွက်သာ ကြိုးပမ်းခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေးမှလွဲ၍ မိမိကောင်းစားရေး၊ မိသားစုကောင်းစားရေး နိုင်ငံရေးမှ ကိုယ်ကျိုးအတွက် လုံးဝစိတ်ကူးခဲ့ခြင်းမရှိပေ။ ကိုယ်ကျိုးရှာစိတ်ဓာတ် လုံးဝကင်းရှင်းသူ နိုင်ငံရေးသူတော်စင်ပုဂ္ဂိုလ်သာဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော စကားများကို သူ့အား ချစ်ခင်ကြည်ညိုလေးစားကြသော ပြည်သူလူထုအပေါင်းတို့က ယနေ့ထက်တိုင် မမေ့နိုင်ကြပေ။

ကိုယ်ကျိုးမကြည့်သော၊ အတ္တစိတ်ကင်းမဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ ခေါင်းဆောင်မျိုး မြန်မာ့သမိုင်းတွင် ရှာမှရှားပါလိမ့်မည်။ အမှန် တကယ် တိုင်းပြည်ချစ်စိတ်၊ စစ်မှန်သော မျိုးချစ်စိတ်အပြည့်ဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆောင်ရွက်ခဲ့သော နိုင်ငံရေးခေါင်းဆောင် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက အထင်အရှား သက်သေပြနိုင်ခဲ့သည်။ နိုင်ငံရေးဗန်းပြပြီး ကိုယ်ကျိုးရှာအတ္တသမား၊ စားဖားလူတွင်ကျယ်တို့ ညီညွတ်စွာရှိကြသည်ကို မလိုချင်ကြောင်း ရွံရှာစွာပြောခဲ့သည့် ဗိုလ်ချုပ်၏ မိန့်ခွန်းများကို မြန်မာပြည်သူလူထုတို့က မမေ့နိုင်ကြ။ ဗိုလ်ချုပ်၏တိုင်းပြည် အပေါ် ထားရှိသော စေတနာ၊ သဒ္ဓါနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်ဓာတ် ကို မြန်မာပြည်သားတို့၏တစ်သက်တွင် မေ့ရက်နိုင်စရာ မရှိကြတော့ပေ။

ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ဆန့်ကျင်ရေးကာလ ကျောင်းသား ခေါင်းဆောင်ဘဝ ၁၉၃၅ ခုနှစ်မှ နိုင်ငံ့ခေါင်းဆောင်ဘဝ ၁၉၄၇ ခုနှစ်အထိ ၁၂ နှစ်တာကာလမှာ တိုတောင်းလှပါသည်။ သို့သော် တိုတောင်းလှသည့် ကာလအတွင်း နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်ခဲ့သည့် နယ်ချဲ့ လက်အောက်မှ လွတ်မြောက်နိုင်ရန် အပြင်းအထန် မရမနေ ကြိုးပမ်းအားထုတ်နိုင်ခဲ့သည် မှာ အံ့မခန်းပင်ဖြစ်သည်။

ဤသို့ တိုင်းပြည်အတွက် ကြိုးပမ်းအားထုတ်ခဲ့သော မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏တုနှိုင်းမမီသော နိုင်ငံရေး ဦးဆောင်မှု သမိုင်းမော်ကွန်းသည် ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေ ရေးထိုးကျန်ရစ်ခဲ့ပါသတည်း။ ။

ုာ