တုံတာ ၁၅ နိုဝင်ဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဆုံဆို့နာကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများကို နိုဝင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တုံတာမြို့တိုက်နယ်ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် တုံတာမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အိမ်ထောင်စုအလိုက်စာရင်းရေး သွင်းကောက်ယူလျက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ဆုံဆို့နာနှင့်အမီ လိုက်ကာကွယ်ဆေးမှာ အသက် ၁နှစ်ခွဲမှ ၁၅နှစ်အောက် ကလေးငယ်များအား တတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးမှာ အသက် ၉နှစ်မှ ၁၀နှစ်ကြား ကလေးငယ်များအား ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တုံတာမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာစုရပ် နေရာများ၌ အောက်တိုဘာလ ၁၅ရက်မှ ၁၇ရက်အထိ ၃ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆုံဆို့နာကာကွယ်ဆေးနှင့် အမီလိုက်ကာကွယ်ဆေးထိုးနှံသူ ကလေးငယ် (၁၄၄)ဦး၊ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံသူ ကလေးငယ်(၁၄)ဦးရှိကြောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)


