တုံတာ သြဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၁ ရက်တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ကျန်းမာရေးဦးစီးဌာန၊ နယ်မြေမီးသတ်စခန်းနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေ သော ကိုဗစ်-၁၉ ရောဂါသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုဖြစ်နေသဖြင့် သေဆုံးမှုမြင့်မားလျက်ရှိကြောင်း၊ ထိုသို့ ကူးစက်ဖြစ်ပွားနေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ထိုရောဂါကို အချိန်တိုအတွင်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်စေရေး စသည်တို့ကို အသိပေးနှိုးဆော်ခဲ့သည်။
ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှ ဧည့်သည်များ လက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံသို့မသွားကြရန်၊ သက်ကြီးရွယ်အိုများနှင့် အခြားရောဂါအခံရှိသူများအနေဖြင့် အထူးဂရုစိုက်ကြရန်၊ မကြာခဏ လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို စနစ်တကျ လိုက်နာကြရန် ဗမာဘာသာ၊ ရှမ်းဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း


