၂၈ ဇူလိုင်


မိုးရာသီဆို တုပ်ကွေးလေးတွေတန်းစီလို့ ပြောရမလိုပဲနော်။ တုပ်ကွေးမျိုးစုံဖြစ်ကြတဲ့အထဲမှာ ဆင်တုပ်ကွေး (ဆင်ဖြူတော်တုပ်ကွေးလို့လည်းခေါ်ကြတယ်) လို့သိကြတဲ့ Chikungunya ကလည်း ခုနောက်ပိုင်း နေရာဝင်ယူလာပါတယ်။ ခြင်တွေကလည်း ပေါလာတာကိုး။


Chikungunya ဟာ သွေးလွန်တုပ်ကွေးခြင်လို့သိကြတဲ့ Aedes aegypti နဲ့ Aedes albopictus ခြင်မျိုးစိတ်တွေကတစ်ဆင့် လူတွေဆီကူးစက်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ လူလူချင်းမကူးနိုင်ပေမယ့် ဒီတုပ်ကွေးဖြစ်နေသူကို ကိုက်ခဲ့တဲ့ခြင်က နောက်တစ်ယောက်ဆီ ကူးစက်ပေးတာပါ။ ဆင်တုပ်ကွေးဖြစ်ရင် စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေ ကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။


ကာကွယ်ဆေး မရှိ


Chikungunya ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသလို သူ့အတွက်သီးသန့်ကုသတဲ့ဆေးမရှိပါဘူး။ အခုထိုးနေကြတဲ့ ကာကွယ်ဆေးတွေနဲ့လည်း မကာကွယ်နိုင်ပါဘူးတဲ့။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပဋိဇီဝဆေးတွေလည်း သောက်လို့မထူးပါဘူး။ ဖြစ်လာခဲ့ရင် သူ့အချိန်အတိုင်းအတာတစ်ခုအတွင်း သက်သာပျောက်ကင်းသွားတတ်ပြီး နောက်ဆက်တွဲပြဿနာဆိုးဆိုးတွေ ဖြစ်ခဲပါတယ်။


စိုးရိမ်ရလား


အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည် ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။


လက္ခဏာတွေက


ကူးစက်ခံရတဲ့သူအများစုမှာ ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အကြာမှာ လက္ခဏာပြတတ်ပါတယ်။ အသိသာဆုံးက အဖျားတက်ခြင်းနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ရမ်းခြင်း၊ အနီစက်၊ အနီကွက်ထွက်ခြင်း လက္ခဏာတွေပါဝင်ပါတယ်။ လူနာအများစုကတော့ တစ်ပတ်အတွင်းသက်သာသွားတတ်ပါတယ်။ Chikungunya က သေဆုံးတဲ့အထိ မဖြစ်တတ်ပေမယ့် ဂရုစိုက်ကုသမှုမရှိဘဲ လက္ခဏာအရမ်းပြင်းထန်ရင်တော့ ဆိုးကျိုးတွေရှိပါတယ်။ ပိုပြင်းပြင်းထန်ထန်ခံစားရဖို့ အန္တရာယ်ရှိသူတွေကတော့ မွေးကင်းစအရွယ်တွေ၊ သက်ကြီးပိုင်းအရွယ်တွေ(၆၅ နှစ်နဲ့အထက်)နဲ့ သွေးတိုး၊ဆီးချို၊နှလုံးရောဂါတို့လို ရောဂါရှိသူတွေပါဝင်ပါတယ်။


ကုသမှု


ကုသမှုကတော့ အဖျားကျဖို့၊ အကိုက်အခဲသက်သာဖို့ ဆေးဝါးတွေပဲ ဆရာဝန်က ကုသပေးပြီး အကြံပြုချက်တွေ ပေးပါလိမ့်မယ်။ မြန်မြန်သက်သာဖို့ကတော့ ဆင်ခြင်နေထိုင်ရမှာ ကျန်တာကိုယ့်အပိုင်း ဖြစ်ပါတယ်။ ဘယ်လိုနေထိုင်ရမလဲဆိုတော့ –


နားနားနေနေ နေပါ။


ရေများများသောက်ပါ။


ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ 


ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေမသောက်ပါနဲ့။


အာဟာရပြည့်ဝအောင်စားပါ။


Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာ ခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ ကိုယ့်ကိုကိုက်သွားတဲ့ ခြင်ကတစ်ဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။


ကြိုတင်ကာကွယ်ဖို့


အဓိကကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်ရမှာပါပဲ။ ခြင်ကိုက်မခံရအောင် ဆိုရင် –


အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ လုံလုံခြုံခြုံဝတ်ပါ။


ခြင်ဆေးလိမ်းပါ။ ခြင်ဆေးထွန်းပါ။


လေအေးစက်သုံးပါ သို့မဟုတ် ခြင်လုံဇကာတပ်ပါ။


အိမ်ဝန်းကျင် ခြင်ကင်းစင်ဖို့ ဂရုစိုက်ရှင်းလင်းပါ။


ပုံး သို့မဟုတ် ပန်းအိုး၊ ရေပုံးတွေကနေ ရေအသစ်လဲပါ၊ ရေကျန်တွေကို သွန်ပစ်ပါ။


ရေးသားသူ - Yun Sandi Nan Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”