တုပ်ကွေးရောဂါကာကွယ်ဆေးတွေက ရောဂါဖြစ်ပွားမှုကို ၄၆ ရာခိုင်နှုန်းသာ ကာကွယ်ပေးနိုင်ပါတယ်၊ ရောဂါပိုးအမျိုးအစားခွဲတွေနဲ့ ကူးစက်ပျံ့ နှံ့နေတဲ့တုပ်ကွေးအမျိုးအစား တူညီတဲ့အခါမှ ဆေးရဲ့အာနိသင် ထိရောက်မှာဖြစ်

၂၁  ဇွန်

 

ရာသီတုပ်ကွေး Influenza Type A (H1N1) pdm09 ကြောင့် ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်အထိ သေဆုံးသူ ခြောက်ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေး Influenza Type A (H1N1) pdm09  နှင့် ပတ်သက်၍ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

ဒေါက်တာခင်ခင်ကြီး (ဒုတိယညွှန်ကြားရေးမှူး)(ဗဟို)ကူးစက်ရောဂါနှိမ်နင်းရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မေး။     ။ လက်ရှိအခြေအနေမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားလို့ လူခြောက်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ သံသယရှိလူနာ တွေ့ရှိတယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရောဂါဖြစ်ပွားမှုအခြေအနေကို အရင်ဆုံးသိပါရစေ။

 

ဖြေ။      ။ ရာသီတုပ်ကွေးရောဂါဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး လူတစ်ဦးကနေ တစ်ဦးကို အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။ Influenza ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ရာသီတုပ်ကွေး ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစား သုံးမျိုး၊ (Type A, B, C) ရှိပြီးတော့ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုဖြစ်စဉ်မှာ Seasonal Influenza Virus Type A ရဲ့ အမျိုးအစားခွဲတစ်ခုဖြစ်တဲ့ Subtype A (H1N1) pdm09 ကြောင့် ဒီရောဂါဖြစ်ပွားခြင်းဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်အထိရရှိတဲ့ သတင်းအချက်အလက်တွေအရ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ တုပ်ကွေးရောဂါပိုးတွေ့ရှိရတဲ့ လူနာပေါင်း ၂၂ ဦး ရှိပြီးတော့ “Influenza B not determined” ဖြစ်တဲ့ လူနာခြောက်ဦးရှိပါတယ်။ Influenza A (H1N1)pdm09 တွေ့ရှိတဲ့ လူနာ ၁၆ ဦးရှိပါတယ်။ အသက်အုပ်စုအလိုက် အဖြစ်အများဆုံးက အသက် ၁၅ နှစ်ကနေ ၆၅ နှစ်အတွင်းဖြစ်ပြီးတော့ အခုသေဆုံးသူ ခြောက်ဦးရှိပါတယ်။ သေဆုံးသူတွေက ရန်ကုန်တိုင်းဒေသကြီးမှာ ငါးဦးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်ဦးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်တို့မှာလည်း ဖြစ်ပွားမှုရှိပါတယ်။

 

မေး။     ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကာကွယ်ကုသရေးနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေပြီ ဆိုတာကိုလည်း ပြောပြပေးပါဦး။

 

ဖြေ။      ။ ရာသီတုပ်ကွေးရောဂါဟာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်ပျံ့နှံ့နိုင်ပြီးတော့ သာမန်ရောဂါ လက္ခဏာတွေကနေ ပြင်းထန်တဲ့ရောဂါ အခြေအနေတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြသင်ကြားရေးနဲ့ အထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော် ခုတင်(၁၀ဝ၀) အထွေထွေရောဂါကုဆေးရုံကြီး၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၊ မြဝတီပြည်သူ့ဆေးရုံ၊ မူဆယ်ပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံကြီးနဲ့ စစ်တွေ ပြည်သူ့ဆေးရုံကြီးတွေကို Sentinel Site အဖြစ် သတ်မှတ်ပြီး ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

 

မေး။     ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ အခြားတိုင်းဒေသကြီး/ပြည်နယ်တွေမှာ ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ပတ်သက်ပြီး ဆောင်ရွက်သွားမှာတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။      ။ တိုင်းဒေသကြီးနဲ့ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေအနေနဲ့ ပြည်သူလူထုအတွင်း ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲဆေးခန်းတွေမှာ ရာသီတုပ်ကွေးရောဂါ သံသယလူနာတွေ့ရှိရင် သံသယလူနာကို ကျေးလက်ကျန်းမာရေး ဌာန/ကျေးလက်ကျန်းမာရေးဌာနခွဲနဲ့ ဆေးခန်းတွေကို ရက်ချိန်းခေါ်ယူပြီး ဆေးကုသမှု ပေးရပါမယ်။ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါလူနာ Severe Acute Respiratory Infections (SARI) တွေကိုတော့ နီးစပ်ရာဆေးရုံကို လွှဲပြောင်းပေးရမယ်။ သံသယလူနာနဲ့ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါလူနာတွေဆီကနေတစ်ဆင့် ရောဂါမပြန့်ပွားစေဖို့အတွက် လူနာနဲ့ အနီးကပ် နေထိုင်သူတွေ၊ ပြုစုမယ့်သူတွေ လိုက်နာရမယ့် အချက်အလက်တွေကို အသိပေးရမယ်။ သံသယလူနာ အစုလိုက်ဖြစ်ပွားခြင်း(Cluster) တွေ့ရှိရင် ရောဂါမပြင်းထန်တဲ့ လူနာ (ILI) တွေကို ပြင်ပလူနာအဖြစ် ကုသမှုပေးပြီး လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါ (SARI) လူနာတွေကို ဆေးရုံကို လွှဲပြောင်းကုသမှု ပေးရမှာဖြစ်ပါတယ်။

 

ဒီအစုလိုက် သံသယလူနာ (Cluster) တွေအနက် အနည်းဆုံး ငါးဦးရဲ့ ဓာတ်ခွဲ နမူနာ (Nasopharyngeal Swab) ကို Rapid Diagnosis Test နဲ့ စမ်းသပ်ပြီးတော့ (A(H1N1)pdm09) တွေ့ရှိရင် ဓာတ်ခွဲနမူနာ(Nasopharyngeal Swab)ကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)ဆီကို အတည်ပြုဖို့ ပေးပို့ရမယ်။ ရောဂါထပ်မံပြန့်ပွားမှု မရှိစေဖို့ သံသယလူနာတွေကို သူတို့နေထိုင်တဲ့ အဆောက်အဦမှာ သီးခြားအခန်းခွဲခြားထားရှိပြီးတော့ ရောဂါလက္ခဏာ စတင်ခံစားရတဲ့နေ့က ခုနစ်ရက်အထိ နေထိုင်ရာနေရာမှာပဲ နားနေစေတာ၊ လူစုလူဝေးရှိရာနေရာတွေကို သွားလာတာကနေ ရှောင်ကြဉ်စေတာမျိုးတွေကို အသိပေးတိုက်တွန်းရမှာ ဖြစ်ပါတယ်။

 

ဒေါက်တာဖြူဖြူအေး(ညွှန်ကြားရေးမှူး)ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန

 

မေး။     ။ ဒီမနက်မှာလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ရာသီတုပ်ကွေး ရောဂါ H1N1 နဲ့ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အားလုံးက ကာကွယ်ကုသရေးအပိုင်း ထိရောက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကနေတစ်ဆင့် ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါသလဲ။

 

ဖြေ။      ။ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) 2009) စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနဲ့ ထိရောက်စွာတုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို အားဖြည့်ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီနေ့မနက်ပိုင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းတွေ၊ လတ်တလောရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုအခြေအနေ၊ ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာ ကိစ္စတွေ၊ ပြည်သူတွေအကြား စိုးရိမ်မှုလျော့နည်းစေဖို့အတွက် မီဒီယာတွေကတစ်ဆင့် သတင်းမှန်ထုတ်ပြန်ခြင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

 

မေး။     ။ရောဂါလက္ခဏာတွေက ဘာတွေဖြစ်တယ်ဆိုတာနဲ့ ပြည်သူတွေအနေနဲ့ ရောဂါမဖြစ်ပွားအောင် ဘာတွေ ဆောင်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုတာ သိပါရစေ။

 

ဖြေ။      ။ ရောဂါလက္ခဏာအနေနဲ့ ဖျားခြင်း(အပူချိန်၃၈ ဒီဂရီစင်တီဂရိတ်နှင့်အထက်)၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတွေ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါ ပြင်းထန်လာရင် အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်း ဒါတွေခံစားရနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြုဆောင်ရွက်ခြင်း၊ နှာချေ၊ ချောင်းဆိုးရင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း သို့မဟုတ် လက်မောင်း၊ တံတောင်ဆစ်နဲ့ ဖုံးအုပ်ပြီးနှာချေ၊ ချောင်းဆိုးခြင်း၊ လက်ကိုဆပ်ပြာနဲ့ ရေများများသုံးပြီး မကြာခဏ ဆေးကြောခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝတဲ့အစားအစာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ လူထူထပ်တဲ့နေရာနဲ့ ပွဲလမ်းသဘင်တွေကို သွားရောက်ခြင်းကနေရှောင်ကြဉ်ခြင်း ဒါတွေကို လုပ်ဆောင်ရမယ်။ ကိုယ့်မှာ ရောဂါလက္ခဏာတွေ ခံစားနေရရင် နီးစပ်ရာ ကျန်းမာရေးဌာနကို သွားရောက်ကုသမှုခံယူရပါမယ်။

 

မေး။     ။ ကာကွယ်ဆေးတွေနဲ့ရော ကာကွယ်နိုင်သလားဆိုတာ သိပါရစေ။

 

ဖြေ။      ။ တုပ်ကွေးရောဂါကာကွယ်ဆေးက ရောဂါဖြစ်ပွားမှုကို ၄၆ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတော်တော်များများက လူတိုင်း တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံသင့်တယ်လို့ အကြံပေးထားခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ကိုယ့်အစီအစဉ်နဲ့ ထိုးနှံလိုတယ်ဆိုရင် နီးစပ်ရာ ဆေးရုံ/ဆေးခန်းတွေမှာ သွားရောက်တိုင်ပင်ပြီး ထိုးနှံနိုင်ပါတယ်။

 

မေး။     ။ ၂၀၁၇ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ဘယ်လိုကွာခြားမှုရှိတယ်ဆိုတာ ပြောပြပေးပါ။

 

ဖြေ။      ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲဟာ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေးရောဂါ ကပ်အသွင်ဖြစ်ပွားပြီးနောက် ILI/ SARI Surveillance လုပ်ငန်းတွေကို ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ် ဧပြီလက စတင်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြသင်ကြားရေးနဲ့ အထွေထွေရောဂါကု ဆေးရုံကြီး၊ နေပြည်တော်ခုတင် (၁၀ဝ၀) အထွေထွေရောဂါကုဆေးရုံကြီး၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၊ မြဝတီပြည်သူ့ဆေးရုံ၊ မူဆယ်ပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံကြီးနဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးတွေမှာ Sentinel Site  အဖြစ် သတ်မှတ်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

 

၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်ကနေ ဩဂုတ်လ ၁၉ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 ဖြစ်စဉ် အတွေ့အကြုံပေါ်မူတည်ပြီး တုံ့ပြန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်း ပိုးဝင်မှုနဲ့ ဆေးရုံတက်ရောက်ကုသသူ ၁၁၉၈ ဦးရှိတဲ့အနက် Seasonal Influenza A(H1N1)pdm09 ပိုးတွေ့လူနာ ၄၀၁ ဦး၊ H3N2 ပိုးတွေ့လူနာ ၄၉ ဦး တွေ့ရှိရတဲ့အနက် သေဆုံးသူ ၃၈ ဦး၊ သေဆုံးမှု နှုန်းမှာ ၃ ဒသမ ၁၇ ရာခိုင်နှုန်းရှိတာတွေ့ရပါတယ်။

 

မေး။     ။ ဒေါက်တာအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

 

ဖြေ။      ။ လူတုပ်ကွေးရောဂါ (ခေါ်) ရာသီတုပ်ကွေးရောဂါဟာ ရာသီအလိုက် ကူးစက်ဖြစ်ပွားတတ်ပါတယ်။ လူတုပ်ကွေးရောဂါမှာ A,B နဲ့ C ဆိုပြီးရှိပါတယ်။ A နဲ့ B တို့က ဘယ်လိုအသက်အရွယ်မဆို ဖြစ်ပွားနိုင်ပါတယ်။ သမပိုင်းဇုန်မှာ ဆောင်းတွင်းမှာ ကပ်အသွင် အစုလိုက်ဖြစ်ပွားလေ့ရှိပြီးတော့ အပူပိုင်းဇုန်တွေ တစ်နှစ်ပတ်လုံး ဖြစ်ပွားတတ်ပါတယ်။ တုပ်ကွေးရောဂါပိုး C ကတော့ ပုံမှန်အားဖြင့် ရောဂါပြင်းထန်မှုမရှိဘဲ သာမန်နှာချေ၊ ချောင်းဆိုးခြင်းသာ ဖြစ်ပွားတတ်ပြီး ကပ်အသွင် ဖြစ်ပွားခြင်းမရှိပါဘူး။ ဒါကြောင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးတွေမှာ တုပ်ကွေးရောဂါပိုး A နဲ့ B ကို ကာကွယ်ဖို့သာ ထည့်သွင်းထားပြီးတော့ တုပ်ကွေးရောဂါပိုး C ကို ကာကွယ်ဖို့ ထည့်သွင်းထားခြင်းမရှိပါဘူး။

 

တချို့က Influenza A(H1N1) pdm09  ကို ဝက်တုပ်ကွေး (Swine Flu )အဖြစ် ခေါ်ဆိုနေကြတယ်။ ဝက်တွေမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရောဂါဖြစ်ပေမယ့် ဝက်တုပ်ကွေးရောဂါလို့ ခေါ်ရင်မမှန်ပါဘူး။ Influenza A (H1N1)pdm09 က လူအချင်းချင်း တစ်ဦးကနေအခြားလူတစ်ဦးကို ကူးစက်ပျံ့နှံ့ခြင်းသာဖြစ်ပါတယ်။ ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားအဖြစ်သာ သတ်မှတ်ထားပြီးတော့ ရောဂါကူးစက်ရာမှာ ဝက်တွေကတစ်ဆင့် တိုက်ရိုက်ပါဝင်ကူးစက်ခြင်း မဟုတ်ပါဘူး။ တုပ်ကွေးရောဂါကာကွယ်ဆေးတွေကတော့ ရောဂါဖြစ်ပွားမှုကို ၄၆ ရာခိုင်နှုန်းသာ ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်ဆေးတွေမှာပါဝင်တဲ့ တုပ်ကွေးရောဂါပိုး အမျိုးအစားခွဲတွေနဲ့ ကူးစက်ပျံ့နှံ့နေတဲ့ တုပ်ကွေးအမျိုးအစား တူညီတဲ့အခါမှ ကာကွယ်ဆေးရဲ့အာနိသင် ထိရောက်မှာဖြစ်ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကမ္ဘာတစ်ဝန်း တုပ်ကွေးရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနဲ့ တုံ့ပြန်မှုစနစ် (GISRS)က လူသားတွေမှာ ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိတဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေရဲ့ ပြောင်းလဲမှုအဆင့်ဆင့်ကို ကမ္ဘာတစ်ဝန်း သက်ဆိုင်ရာနိုင်ငံတွေက အမျိုးသားတုပ်ကွေးရောဂါဗဟိုဌာနများ (National Influenza Centre) နဲ့ WHO Collaborating Centre တွေနဲ့ ပူးပေါင်းကာ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်လျက်ရှိပါတယ်။

 

မေး။     ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်း-ရှင်မင်း