အစ္စတန်ဘူလ်  မတ်   ၁၂

နိုင်ငံတကာစွမ်းအင်‌အေဂျင်စီ (IEA)၏ ဦးဆောင်ပြုလုပ်သော အကြီးဆုံးပူးပေါင်းဆောင်ရွက်သည့် ရေနံသိုလှောင်မှုများ ထုတ်ဝေဖြန့်ချိရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တူကီယဲသည် မိမိတို့ အရေးပေါ်သိုလှောင်ထားသော အရန်‌ရေနံမှ ရေနံစိမ်း ပမာဏစည်ပေါင်း ၁၁ ဒသမ ၆ သန်းကို ထုတ်ဝေပေးမည်ဖြစ်ကြောင်း    စွမ်းအင်ဝန်ကြီးက  မတ်  ၁၂   ရက်တွင် ပြောကြားခဲ့သည်။

အမျိုးသားရေနံစီမံခန့်ခွဲရေးကော်မတီက အစည်းအဝေးကျင်းပခဲ့ပြီး ရေနံထုတ်လွှတ်ပေးရန် အတည်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့်   ရေနံထုတ်လွှတ်မှုကို ရက်ပေါင်း ၉၀ ကျော်ကြာ ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်နှင့် သဘာဝအရင်းအမြစ်ဝန်ကြီး အယ်လ်ပါစလန် ဘေရက်ခ်တာက ပြောကြားသည်။ နိုင်ငံတကာစွမ်းအင်‌အေဂျင်စီ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ရေနံစိမ်းစည်ပေါင်း သန်း ၄၀၀  ထုတ်လွှတ်မှုကို   ပံ့ပိုးပေးသည့်အနေဖြင့်   မိမိတို့၏ အရန်သိုလှောင်ထားသော ရေနံစိမ်းစည်ပေါင်း ၁၁ ဒသမ ၆  သန်းကို ထုတ်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံပေါင်း   ၃၂   နိုင်ငံရှိပြီး အပြည့်အဝအဖွဲ့ဝင်နိုင်ငံ   မဟုတ်သေးသည့်  ပူးပေါင်းနိုင်ငံ  ၁၃  နိုင်ငံရှိသည့် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် နိုင်ငံတကာစွမ်းအင်‌ အေဂျင်စီက မတ် ၁၁ ရက်တွင် အဖွဲ့ဝင်နိုင်ငံများအား မိမိတို့၏ အမျိုးသားအရန် ရေနံသိုလှောင်မှုမှ  ရေနံစိမ်းစည်ပေါင်း သန်း ၄၀၀  ထုတ်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါပမာဏသည် အေဂျင်စီ၏ သမိုင်းတွင်  အကြီးမားဆုံးညှိနှိုင်း ဆောင်ရွက်မှုဖြစ်သည်ဟု   အမှုဆောင်ဒါရိုက်တာ  ဖာတစ်ဘိုင်ရောလ်က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသည့် ရေနံစီးဆင်းမှုများ အလွန်လျော့နည်းသွားပြီး ရေနံစိမ်းနှင့် သန့်စင်ပြီးရေနံပစ္စည်းတင်ပို့မှုသည်  ပဋိပက္ခမဖြစ်မီအချိန်နှင့် နှိုင်းယှဉ်လျှင်   ၁၀   ရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းသွားသည်ဟု   နိုင်ငံတကာစွမ်းအင်အေဂျင်စီက ပြောသည်။

ဆင်ဟွာ