ခတ္တမန္ဒူ မေ ၁၁
တူကီယဲလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် မေ ၁၁ ရက် နံနက်ပိုင်းက နီပေါနိုင်ငံရှိ ထရီဘူဗန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်စဉ် လေယာဉ်၏ မြေပြင်ဆင်းသက်ဘီး (landing gear) တာယာများတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လေဆိပ်လုံခြုံရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရာ့ဂျ်ကူးမားဆယ် ဝယ်လ်၏ ပြောကြားချက်အရ ခရီးသည်များကို အရေးပေါ်တံခါးများမှတစ်ဆင့် ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းခဲ့ပြီး မီးသတ်အဖွဲ့က မီးကို အောင်မြင်စွာငြှိမ်းသတ်နိုင်ခဲ့ကာ ခရီးသည် ၂၇၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး တို့ကို ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ပြေးလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းကြောင့် လေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်းနှင့် ပျံသန်းထွက်ခွာခြင်းများကို ယာယီအနှောင့်အယှက်ဖြစ်စေခဲ့သည်။
ဆင်ဟွာ


