ဖေဖော်ဝါရီ ၂၂
တူကီယဲနိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က ငလျင်များလှုပ်မှုကြောင့် လူပေါင်း ၁ ဒသမ ၅ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းနှင့် နိုင်ငံအတွင်း နေအိမ်ခန်းပေါင်း ၅၀၀၀၀၀ ခန့်ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ယူအင်န်ဒီပီ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
နိုင်ငံအစိုးရက ငလျင်ဒဏ်ခံရသောအဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းနီးပါးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ယူအင်န်ဒီပီ၏ဌာနေ ကိုယ်စားလှယ် ဗင်တန်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
ငလျင်ကြောင့်ပျက်စီးသွားသော အဆောက်အအုံ ၁၁၈၀၀၀ ခုအနက် အိမ်ခန်းပေါင်း ၄၁၂၀၀၀ ခန်း ပြိုကျပျက်စီးခြင်း၊ လုံးဝဖြိုချမှုလုပ်ဆောင်ရန်လိုအပ်ခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုငလျင်လှုပ်ပြီးနောက် အဆောက်အဦအကျိုးအပဲ့များအောက်တွင် နာရီပေါင်း ၃၀၀ နီးပါးပိတ်မိနေသည့် နောက်ဆုံးအသက်ရှင်ကျန်ရစ်သူတစ်ဦးအား အုတ်အကျိုးအပဲ့များအောက်မှဆွဲထုတ်ကယ်ဆယ်ခဲ့ရကြောင်းနှင့် ယင်းငလျင်လှုပ်မှုနှင့်ပတ်သက်သည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရက အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဗင်တန်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။
မကြာသေးမီသီတင်းပတ်များအတွင်း တူကီယဲနိုင်ငံတောင်ပိုင်း ခါဟာမန်မာရတ်ပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၄ နှင့် ၇ ဒသမ ၇ ပမာဏငလျင်များလှုပ်ခဲ့သည်။
၎င်းငလျင်များလှုပ်မှုကြောင့် တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင် လူပေါင်း ၄၇၀၀၀ သေဆုံးခဲ့သည်ဟု မီဒီယာတွင်ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို