အန်ကာရာ   ဇန်နဝါရီ   ၂၂

တူကီယဲနိုင်ငံ၌     နှင်းလျှောစီး     အပန်းဖြေစခန်း မီးလောင်မှုဖြစ်ပွားရာ  ၇၆ ဦးခန့် သေဆုံးခဲ့သည် ဟု တူကီယဲအစိုးရအရာရှိများက  ပြောသည်။

နိုင်ငံအနောက်မြောက်ပိုင်းပြည်နယ် ဘိုလူရှိ နှင်းလျှောစီးစခန်း  မီးလောင်ခဲ့ခြင်းဖြစ်ရာ သေဆုံး သူ ဦးရေကို ပြည်ထဲရေးဝန်ကြီး အလီယာလီကာရာ က ဇန်နဝါရီ ၂၁ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍  စုံစမ်းစစ်ဆေးရန် ဟိုတယ်ပိုင်ရှင်အပါအဝင် ကိုးဦးကို ဖမ်းဆီး ထိန်းသိမ်းထားသည်ဟုသိရသည်။ အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အဆုံးသတ်သွားပြီဟု  ပြည်ထဲရေးဝန်ကြီးက   သတင်းထောက်များကို  အတည်ပြု ပြောကြားခဲ့သည်။

သေဆုံးသူ ၇၆ ဦးရှိပြီး ရှာဖွေရေးလုပ်ငန်းများအဆုံးသတ်သွားပြီဖြစ်ကာ  စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ ဇန်နဝါရီ ၂၁ ရက် နံနက် အစောပိုင်းက    မီးစတင်လောင်ခဲ့ပြီး    ၁၂   ထပ်ရှိသည့်  ဟိုတယ်ကို မီးစွဲလောင်ခဲ့သည်။

ကနဦးစစ်ဆေးမှုများအရ  လေးထပ်ရှိ စားသောက်ဆိုင်ဧရိယာမှ  မီးစတင်လောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန်က ဇန်နဝါရီ  ၂၂ ရက်ကို ဝမ်းနည်း ကြေကွဲ ဖွယ်နေ့အဖြစ် ကြေညာခဲ့သည်။

အဆိုပါဟိုတယ်သည်     ခရီးသွားများသည့် အားလပ်ရက်ကာလတွင် ဧည့်သည် ၂၃၈ ဦးအထိ ဝန်ဆောင်မှုပေးနိုင်သည့်ဟိုတယ်ဖြစ်သည်။

ဆင်ဟွာ