အစ္စတန်ဘူလ်  အောက်တိုဘာ  ၂၉

အောက်တိုဘာ ၂၇ ရက်နှောင်းပိုင်းက တူကီယဲနိုင်ငံအနောက်ပိုင်း ဘယ်လီကီဆာပြည်နယ်တွင် ပြင်းအား  ၆  ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၂၆ ဦး  ဒဏ်ရာရရှိခဲ့ပြီး  အဆောက်အအုံ လေးလုံးပြိုကျခဲ့ကြောင်း  အာဏာပိုင်များက အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင်   သတင်းထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရရှိသူဦးရေမှာ ၁၉ ဦးမှ ၂၆ ဦးအထိတိုးလာပြီး လူများကြောက်လန့်တကြား အမြင့်မှ ခုန်ချခြင်းကြောင့် ဒဏ်ရာရရှိကြခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ကမယ်မီမစ်ဆိုဂ်လူက လူမှုကွန်ရက် မီဒီယာပေါ်တွင်  ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများမှာ ဆေးရုံတွင်ကုသမှုများ ခံယူပြီးနောက်  ဆေးရုံမှ ဆင်းသွားကြပြီဟု ၎င်းကဆက်ပြောသည်။

ယာယီကွန်တိန်နာအိမ်အလုံး ၁၀၀ ကို ငလျင်လှုပ်ခတ်ရာဒေသတွင်ချထားပေးပြီး ဘယ်လီကီဆာပြည်နယ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၅၉၆၀၀၀ ခန့် ထောက်ပံ့ငွေထုတ်ပေးခဲ့ကြောင်း  ယာလီကာယာက ပြောသည်။

မြေပြင်ကွင်းဆင်းလေ့လာမှုများ   လုပ်ဆောင်လျက်ရှိပြီး    ပျက်စီးယိုယွင်းနေသည့်   အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခြင်းမပြုကြရန် ပြည်သူများကို သတိပေးထားသည်။ ဘယ်လီကီဆာပြည်နယ် ဆင်းဒဂျီခရိုင်တွင် ဒေသစံတော်ချိန်  ည ၁၀ နာရီ ၄၈ မိနစ်ခန့်က ငလျင်လှုပ်ခဲ့ခြင်းဖြစ်ပြီး ငလျင်၏အနက်မှာ ၅ ဒသမ  ၉၉  ကီလိုမီတာခန့်ရှိသည်ဟု တူကီယဲသဘာဝဘေး အရေးပေါ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌက ပြောသည်။                                

ဆင်ဟွာ