ဖေဖော်ဝါရီ ၇

တူကီယဲနှင့် အိမ်နီးချင်းဆီးရီးယားနိုင်ငံတို့တွင် ယမန်နေ့အစောပိုင်းက အင်အားပြင်းငလျင်များလှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တူကီယဲနိုင်ငံတွင် ငလျင်များလှုပ်ခတ်မှုကြောင့် ၂၉၂၁ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၅၈၃၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးနှင့်အရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကားပြီး အန်နာဒိုလူအေဂျင်က ယနေ့ ဖော်ပြထားသည်။

အိမ်နီးချင်းဆီးရီးယားနိုင်ငံရှိ အလက်ပို၊ ဟာမာ၊လာတာကီရာ၊ တာတတ်ပြည်နယ်များတွင် ငလျင်များလှုပ်ခတ်သဖြင့် ၇၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၄၃၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ဆီးရီးယားနိုင်ငံရှိ သူပုန်များထိန်းချုပ်ထားသောဒေသတွင် ထိုငလျင်ကြောင့် ၇၃၃ ဦး သေဆုံးခဲ့ပြီး ၂၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားများ၏ပြောကြားချက်ကို ကိုးကားပြီး မီဒီယာက ဖော်ပြထားသည်။

တူကီယဲနိုင်ငံတောင်ပိုင်း ကာဟာမန်မာရတ်ပြည်နယ်တွင် ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီ ၁၇ မိနစ်က ပြင်းအား ၇ ဒသမ ၇ ပမာဏငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်။ လက်ဘနွန်၊ အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည်လည်း ထိုငလျင်ဒဏ်ခံကြရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို