ဖေဖော်ဝါရီ ၁၃
တူကီယဲနှင့်အိမ်နီးချင်းဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက်က ငလျင်များလှုပ်ခတ်မှုကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၃၃၀၀၀ ကျော်ရှိလာသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၆ ရက် အစောပိုင်းက တူကီယဲနိုင်ငံတောင်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ ပမာဏရှိငလျင်လှုပ်ခတ်မှုကြောင့် တူကီယဲနိုင်ငံတွင် ၂၉၆၀၅ ဦး သေဆုံးခဲ့ပြီး ဆီးရီးယားနိုင်ငံတွင် ၃၅၈၁ ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါငလျင်ကြောင့် ပြိုကျအဆောက်အဦးများအောက်တွင် လူအများအပြားပိတ်မိနေဆဲဖြစ်သည်ဟုယူဆရသဖြင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
ထိုငလျင်ဒဏ်အများဆုံးခံရသည့်မြို့များအနက်တစ်မြို့ဖြစ်သော တူကီယဲနိုင်ငံတောင်ပိုင်း ခါရမန်မာရတ်စ်မြို့ရှိ ခုနစ်ထပ်အဆောက်အဦ၏ အပျက်အစီးများအောက်မှမိန်းကလေးတစ်ဦးကို ယမန်နေ့က အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့သည်။
ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများမှကယ်ဆယ်ရေးအဖွဲ့များလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို