ဖေဖော်ဝါရီ ၈
တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က ငလျင်များလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၈၃၆၄ ဦးအထိ ရှိလာကြောင်း အာဏာပိုင်များနှင့်ကယ်ဆယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
တူကီယဲနိုင်ငံတွင် ငလျင်များလှုပ်ခတ်မှုကြောင့် ၅၈၉၄ ဦး သေဆုံးပြီး ၃၄၈၁၀ ဒဏ်ရာရရှိခဲ့ကြောင်း တူကီယဲဒုတိယသမ္မတ ဖူအတ်အော့တေး၏ပြောကြားချက်ကိုကိုးကားပြီး အန်နာဒိုလူအေဂျင်စီက ယနေ့တွင်ဖော်ပြထားသည်။
ဆီးရီးယားနိုင်ငံတွင် ၁၂၅၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၂၀၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဆီးရီးယားနိုင်ငံအတွင်းရှိ သူပုန်များထိန်ချုပ်ထားသည့်ဒေသတွင် ၁၂၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားများ၏ပြောကြားချက်ကိုကိုးကားပြီး မီဒီယာတွင် ဖော်ပြထားသည်။
အဆိုပါနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က ပြင်းအား ၇ ဒသမ ၇၊ ၆ ဒသမ ၄နှင့် ၇ ဒသမ ၆ ပမာဏရှိ ငလျင်များလှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။
တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ ဦးလိုက်ပါသော တရုတ်စင်းလုံးငှားလေယာဉ်တစ်စင်းသည် ကီလိုမီတာ ၈၀၀၀ ကျော်ပျံသန်းပြီးနောက် ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီ ၃၀ မိနစ်တွင် တူကီယဲနိုင်ငံရှိ အန်ဒါနာလေဆိပ်သို့ရောက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို