ဖေဖော်ဝါရီ ၉
တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက်က ငလျင်များလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၅၃၈၃ ဦးအထိ မြင့်တက်လာသည်ဟု အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။
တူကီယဲနိုင်ငံတွင် ထိုငလျင်လှုပ်ခတ်မှုကြောင့် ၁၂၃၉၁ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးနှင့်အရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ပြောကြားချက်ကိုကိုးကားပြီး အနာဒိုလူအေဂျင်စီက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ အစိုးရထိန်းချုပ်ထားသောဒေသများတွင် ငလျင်ကြောင့် ၁၂၆၂ ဦး သေဆုံးခဲ့ပြီး ၂၂၈၅ ဦး ဒဏ်ရာရရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါနိုင်ငံရှိ အတိုက်အခံအဖွဲ့ထိန်းချုပ်ထားရာဒေသတွင် ၁၇၃၀ ထက်မနည်းသေဆုံးခဲ့ပြီး ၂၈၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ကယ်ဆယ်ရေးသမားများ၏ပြောကြားချက်ကို ကိုးကားပြီး မီဒီယာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ ၈၂ ဦးပါဝင်သောကယ်ဆယ်ရေးအဖွဲ့သည် ယမန်နေ့မနက် ၄ နာရီ ၃၀ မိနစ်က တူကီယဲနိုင်ငံ အဒါနာလေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို