ဖေဖော်ဝါရီ ၁၅
တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင် ငလျင်များလှုပ်မှုကြောင့် သေဆုံးသူပေါင်း ၃၉၀၀၀ ကျော်ရှိလာသဖြင့် ဆေးဘက်ဆိုင်ရာအကူအညီများပေးအပ်ရန် ဂျပန်ဆေးကုသရေးအဖွဲ့သွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါဂျပန်ဆေးကုသရေးအဖွဲ့တွင် ဆရာဝန်များ၊ သူနာပြုများနှင့် အခြား ၄၁ ဦးပါဝင်ပြီး ၎င်းတို့အဖွဲ့သည် တူကီယဲနိုင်ငံတောင်ပိုင်း ဂါဇီရန်တတ်ပ်မြို့ဆင်ခြေဖုံးရှိ ယာယီအခြေစိုက်စခန်းတစ်ခုတွင် ယမန်နေ့က ဆေးဘက်ဆိုင်ရာ ရွက်ဖျင်တဲများ စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
တူကီယဲနိုင်ငံတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြင်းအား ၇ ဒသမ ၈ ပမာဏရှိ ငလျင်လှုပ်ခဲ့ပြီး အားကောင်းသောငလျင်နောက်ဆက်တွဲများလှုပ်မှုကြောင့် တူကီယဲနိုင်ငံတွင် ယနေ့အထိ ၃၅၄၁၈ ဦးသေဆုံးခဲ့ပြီး ဆီးရီးယားနိုင်ငံတွင် ၃၆၈၈ ဦးထက်မနည်းသေဆုံးခဲ့သည်။
ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လက်ရှိရာ ယမန်နေ့ကအထိ ရှစ်ရက်ကြာမြင့်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတောင်ပိုင်း ဟာတေပြည်နယ်တွင် ထိုငလျင်များလှုပ်ခတ်ခဲ့ပြီးနောက် နာရီ ၂၀၀ ကြာပိတ်မိနေသော အမျိုးသမီးနှစ်ဦးအား အုတ်အကျိုးအပဲ့များအောက်မှဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို