တူနီးစ်၊ ၂၄ ဒီဇင်ဘာ

 

တူနီးရှားကမ်းလွန်ပင်လယ်တွင် လှေတစ်စင်းတိမ်းမှောက်ခဲ့ပြီးနောက် ဆပ်ဆာဟာအာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူများ၏ အလောင်း ၂၀ ကို ကမ်းခြေစောင့်တပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက် (ယနေ့) ရှာဖွေတွေ့ရှိခဲ့ကြောင်း တူနီးရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်သော လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် သင်္ဘောပေါ်ရှိ အခြားလူငါးဦးကို ကယ်တင်နိုင်ခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဇက်ကရီက အေအက်ပီသတင်းဌာနသို့ ပြောကြားသည်။

 

အဆိုပါ လှေသည် တူနီးရှားနိုင်ငံ စဖက်စ်ခရိုင် ဆီဒီမန်ဆောမြို့မှ အီတလီနိုင်ငံသို့ ဦးတည်ထွက်ခွာနေစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တူနီးရှားနိုင်ငံသည် ဥရောပကုန်းပြင်ကြီးမှ ကီလိုမီတာ ရာနှင့်ချီ ဝေးကွာသည့်နေရာတွင် တည်ရှိပြီး ဥရောပသို့ ဦးတည်ထွက်ခွာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ခရီးစတင်သည့်နေရာတစ်ခု ဖြစ်သည်။

 

၂၀၁၁ ခုနှစ်က တူနီးရှားအာဏာရှင် ဇိုင်းအယ်လ်အာဘီဒိုင်ဘင်အာလီအား ရာထူးမှဖြုတ်ချခဲ့သည့် တော်လှန်ရေးဖြစ်ပွားခဲ့ပြီးနောက် ဘဝသစ်တစ်ခုရှာဖွေရန် ဥရောပသို့ ဦးတည်ထွက်ခွာသည့် ရွှေ့ပြောင်းနေထိုင်သူဦးရေ မြင့်တက်လာခဲ့သည်။

 

မကြာသေးမီနှစ်များမှစ၍ ဥရောပသို့ ဦးတည်ထွက်ခွာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဦးရေ သိသိသာသာ ကျဆင်းလာခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဧပြီလအကြား တူနီးရှားမှ ဥရောပသို့ ဦးတည်ထွက်ခွာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဦးရေကို ယမန်နှစ်အလားတူကာလက ရွှေ့ပြောင်းနေထိုင်သူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက ၁၅၀ ရာခိုင်နှုန်းကျော် ပို၍မြင့်မားကြောင်း သိရသည်။

 

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအများစုမှာ အာဖရိကဆပ်ဆာဟာရနိုင်ငံများမှ ဖြစ်ကြပြီး အိမ်တွင်းစီးပွားရေး အကျပ်အတည်းများကြောင့် နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။ တူနီးရှားပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခုနှစ်ဇန်နဝါရီလနှင့် စက်တင်ဘာလအကြား ဥရောပသို့ ဦးတည်ထွက်ခွာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၈၅၈၁ ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိထားသည့် အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများအနက် ၂၀၁၄ ဦးသည် တူနီးရှားနိုင်ငံသားများမဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ