ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းရာတွင် နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူများအနက်မှ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက အတည်ပြုရန် ထောက်ခံခဲ့ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းရာတွင် ချမှတ်ခဲ့သော သန္နိဋ္ဌာန် (၄) ရပ်မှာလည်း မှတ်သားစရာကောင်းသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာ ခံယူစောင့်ထိန်း သွားကြမည်ဟူသော သန္နိဋ္ဌာန်၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသား ပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ်ဆောင်ရွက် ထိန်းသိမ်းသွားကြမည်ဟူသော သန္နိဋ္ဌာန်၊နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာ မွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲနေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးကိုရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကိုစောင့်ထိန်းရန် အစဉ်ကြိုးပမ်းကြမည်ဟူသော သန္နိဋ္ဌာန်တို့ပင်ဖြစ်ပြီး တိုင်းရင်းသား လူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အလျောက် တိုင်းရင်းသားလူမျိုးအားလုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးကို တူညီသည့် အဆင့်အတန်း၊ အခွင့်အရေးများ ပေးအပ်ထားသည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များအား မတ်လ ၃၁ ရက်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ဖက်ဒရယ်စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ “ပြည်နယ် နှင့် တိုင်းဒေသကြီးအားလုံးတွင် လျော်ကန်သင့်မြတ်သည့် အုပ်ချုပ်မှု အာဏာကို ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့် အချိန်တွင် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက်ရမည်များကို ဆွေးနွေး ဆုံးဖြတ်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် “ဖက်ဒရယ်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ဇယား (၁၊ ၂၊ ၃၊ ၅)ပါ ပြည်ထောင်စုအဆင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့မှ ပြဋ္ဌာန်းရမည့်၊ ထုတ်ပြန်ရမည့်ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာဆောင်ရွက်နိုင်မှု မရှိသေးသည်ကို လေ့လာတွေ့ရှိ နိုင်ကြောင်း”လည်း ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ဇယား ၁ သည် ပြည်ထောင်စု ဥပဒေပြုစာရင်းဖြစ်ပြီး ဇယား ၂ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းဖြစ်သည်။ ဇယား ၃ သည် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်းဖြစ်ပြီး ဇယား ၅ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများဖြစ်သည်။ အခြေခံ ဥပဒေအရ နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ၊ အာဏာ သုံးရပ်တို့ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကို ခွဲဝေအပ်နှင်းထားသည်။ သို့ရာတွင် ပြီးခဲ့သည့် ဒီမိုကရေစီ အစိုးရနှစ်ရပ်တို့၏ ကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု များအနေဖြင့် မိမိတို့အား ခွဲဝေအပ်နှင်းထားသည့် အာဏာသုံးရပ်ကို အပြည့်အဝကျင့်သုံးဆောင်ရွက်နိုင်မှု မရှိခဲ့။
ပြည်သူမှ ဆင်းသက်လာသည့် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ခွဲဝေအပ်နှင်းထားသည့်အတိုင်း ပြဋ္ဌာန်း ထုတ်ပြန်ကျင့်သုံး ဆောင်ရွက်နိုင်ကြမှသာ နိုင်ငံနှင့်ပြည်သူ၏ အကျိုးစီးပွားကို အပြည့်အဝ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။
မြန်မာ့အလင်း