တူရကီ အနောက်မြောက်ပိုင်းတွင် မီနီဘတ်စ်နှင့် ကုန်တင်ကား တိုက်မိရာ ၄ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

တူရကီ အနောက်မြောက်ပိုင်း ကာနက်ကာလီပြည်နယ် ဘီဂါခရိုင်တွင် ကုန်တင်ကားတစ်စီးနှင့်  စက်ရုံအလုပ်သမားများ တင်ဆောင်လာသော မီနီဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့ရာ ၄ ဦးထက်မနည်းသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိုင်ဟလပ်စ် သတင်းစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆ ဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်းနှင့် ယာဉ်တိုက်မှုဖြစ်ရသည့် အကြောင်းရင်းကို  လောလောဆယ် မသိရှိရသေးကြောင်း  ထိုသတင်းဌာနက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က တူရကီ အနောက်ပိုင်းတွင် စက်ရုံကြိုပို့ဖယ်ရီကားနှင့် မော်တော်ကားတစ်စီး တိုက်မိသဖြင့်  အလုပ်သမား ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို