ရန်ကုန် နိုဝင်ဘာ ၁၂

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တူရကီနိုင်ငံ၌ လေ့ကျင့်နေ သည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၀ ရက်က တူရကီ အပျော်တမ်းကလပ် Manavgatspor အသင်းနှင့်ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

နိုင်ပွဲရယူ

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၂၈ ရက်မှစ၍ တူရကီနိုင်ငံ Antalya မြို့၌ လေ့ကျင့် လျက်ရှိပြီး ပထမဆုံးခြေစမ်းပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်း တွင် ကစားသမားအများအပြား အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးများကို ၄၁ မိနစ်တွင် ဝင်းနိုင်ထွန်းနှင့် ၆၅ မိနစ်တွင် မောင်မောင်လွင်တို့က သွင်းယူခဲ့ပြီး ပွဲချိန် ၇၅ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပထမပိုင်းတွင် ဂိုးမျိုးမင်းလတ်၊ နောက်တန်း အောင်ဝဏ္ဏစိုး၊ ရဲမင်းသူ၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း- မောင်မောင်ဝင်း၊ နေမိုးနိုင်၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ ကိုထွန်း၊ ရှေ့တန်း - ဝင်းနိုင်ထွန်း၊ ဒုတိယပိုင်းတွင် ဂိုးစိုးအာကာ၊ နောက်တန်းဒေးဗစ်ထန်၊ ငြိမ်းချမ်း၊ ဇော်ရဲထွန်း၊ ဝင်းမိုးကျော် ၊ အလယ်တန်း- လှိုင်းဘိုဘို၊ လွင်မိုးအောင် ထက်ဖြိုးဝေ။ မောင်မောင်လွင်၊ ရှေ့တန်းသန်းပိုင်တို့ ပါဝင်ကစားခဲ့သည်။ Manavgatspor အသင်းသည် တူရကီအပျော် တမ်းလိဂ်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် အသင်းလည်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၃ ရက်တွင် အာဖရိကအသင်း ဖြစ်သော ဘူရန်ဒီအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF