အန်ကာရာ ၁၁ မတ်
တူရကီလေကြောင်းမှ လေယာဉ်တစ်စင်းသည် မတ် ၁၀ ရက်က အတ္တလ္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလျက် ခရီးစဉ်ပျံသန်းနေစဉ် လေစီးကြောင်း မတည်ငြိမ်မှုကြောင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်း ၂၉ ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
တူရကီ လေကြောင်းလိုင်းမှ အဆိုပါဘိုးရင်း ၇၇၇ အမျိုးအစား လေယာဉ်ပေါ်တွင် ခရီးသည်နှင့်လေယာဉ်အမှုထမ်း စုစုပေါင်း ၃၄၇ ဦး လိုက်ပါသွားကြောင်း အမေရိကန်ပြည်ထောင်စုဖက်ဒရယ် လေကြောင်းဌာနက ပြောကြားခဲ့သည်။ တူရကီလေကြောင်း ခရီးစဉ်အမှတ်တစ်သည်မွန်းလွဲ ၃ နာရီခန့်တွင် အစ္စတန်ဘူလ်မြို့မှ ပျံသန်းထွက်ခွာလာခဲ့ပြီ နယူးယောက် ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်သို့ သတ်မှတ်အချိန်ထက် နာရီဝက်စောကာ ညနေ ၅ နာရီ၃၅ မိနစ်တွင် ဆင်းသက်ခဲ့သည်။
အဆိုပါ လေယာဉ်သည် ပျံသန်း နေစဉ် ရုတ်တရက် လေစီးကြောင်း မတည်ငြိမ်မှုနှင့် ကြုံတွေ့နေရကြောင်း လေယာဉ်မဆင်းသက်မီ သတင်းပို့ခဲ့သည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်းများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရသူ မရှိကြောင်း မီးသတ်အရာရှိများက ပြောကြားခဲ့သည်။
ယင်းလေယာဉ် ဆင်းသက်မည့်အချိန်လောက်တွင် လေစီးကြောင်း မတည်ငြိမ်မှုများ ဆိုးဆိုးရွားရွားဖြစ်ပွား နိုင်သည်ဟု မိုးလေဝသခန့်မှန်းချက်များ ကြိုတင်ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ပြောကြားခဲ့သည်။
ဆင်ဟွာ