ဇန်နဝါရီ ၁၃
တူရကီနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ် ကူးစက်မှုမြင့်မားနေသော်လည်း ကိုဗစ်ရောဂါဆိုင်ရာ ကွာရန်တင်းကန့်သတ်ချက်များနှင့် ဆေးစစ်မှုဆိုင်ရာ လိုအပ်ချက်များကို ထပ်မံဖြေလျှော့ရန် ဆုံးဖြတ်ထား သည်ဟု ယမန်နေ့က ဖော်ပြထားသည်။
တူရကီကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာက ကိုဗစ်ရောဂါကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့သူများအား ပီစီအာဆေးစစ်ချက်လိုအပ်မှုကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုဗစ်ရောဂါလက္ခဏာပြသူများကိုသာ ဆေးစစ်ချက်လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ကိုဗစ်ရောဂါ ကူးစက်ခံရသူနှင့် ထိတွေ့မှုရှိသူသည် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးပါက ကွာရန်တင်းဝင်ရန်မလိုအပ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။
နိုင်ငံတစ်ဝန်း အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာပြီး အဆိုပါကူးစက်မှုသည် ပြီးခဲ့သည့်လက ကူးစက်မှုထက် လေးဆပိုမိုများပြားလာသည်။
ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၇၇၂၂ ဦးထပ်မံတွေ့ရှိခဲ့ရာ ရောဂါနေ့စဉ်ကူးစက်မှု စံချိန်တင်ဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၀၁၉၅၆၇၆ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၄၅ ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၈၄၁၂၅ ဦးအထိ မြင့်တက်လာသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၄၂၅၇၃ ဦးရှိသည်။
အာဏာပိုင်များက တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ဆီနိုဗက်ကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ပြီးနောက် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က စတင်လုပ်ဆောင်ခဲ့သည်။
ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၅၇ ဒသမ ၁၈ သန်းခန့်ရှိပြီး ၅၂ ဒသမ ၀၁ သန်းကျော်သည် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို