အစ္စတန်ဘူလ် ၆ နိုဝင်ဘာ
တူရကီနိုင်ငံသည် ပြီးခဲ့သည့်လက စတင်အာဏာတည်ခဲ့သည့် လူမှုမီဒီယာ ဥပဒေသစ်အရ တိုင်းပြည် ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ရန် ပျက်ကွက်ခဲ့သော ဖေ့စ်ဘွတ်၊ တွစ်တာနှင့် အခြားသော လူမှုမီဒီယာကုမ္ပဏီသုံးခုတို့ကို နိုဝင်ဘာ ၄ ရက်တွင် ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်းက အတည်ပြုခဲ့သည့် အဆိုပါလူမှုမီဒီယာဥပဒေအရ သုံးစွဲသူတစ်သန်းကျော်ရှိသည့် လူမှုကွန်ရက်များအားလုံး တူရကီနိုင်ငံတွင် ကိုယ်စားလှယ်များ ခန့်အပ်ရန် လိုအပ်ပြီး အဆိုပါ ခန့်အပ်ခံရသူများက တရားရေးအမိန့်များဖြစ်သည့် အငြင်းပွားဖွယ် အကြောင်းအရာများ သို့မဟုတ် ပြင်းထန်သည့် ဒဏ်ငွေချမှတ်ခံရမည့် အကြောင်းအရာများ ဖယ်ရှားပေးခြင်းတို့ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။
လူမှုမီဒီယာဥပဒေသစ်ကို လိုက်နာရန် ပျက်ကွက်မှုအတွက် ဖေ့စ်ဘွတ်၊ အင်စတာဂရမ်၊ တွစ်တာ၊ ပါရီစကုတ်၊ ယူကျူနှင့် တစ်တော့တို့ကို တူရကီ ငွေကြေး လီရာ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ယူရို ၁ ဒသမ သုည သန်း) ကို ဒဏ်ငွေအဖြစ်ပေးဆောင်ရန် တူရကီနိုင်ငံက အမိန့် ချမှတ်ခဲ့ကြောင်းလည်း ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုမာဖာတစ်ဆာယန်က တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါလူမှုမီဒီယာများအနေဖြင့် ဒီဇင်ဘာလ အစောပိုင်းမှစတင်ကာ ဒေသဆိုင်ရာရုံးများ ဖွင့်လှစ်ရန် ပျက်ကွက်ခဲ့ပါက နောက်ထပ်ဒဏ်ကြေး လီရာ သန်း ၃၀ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ အစောပိုင်းအထိ လိုက်နာရန် ဆက်လက်ပျက်ကွက်ပါက ကြော်ငြာများကို ပိတ်ပင်ခြင်းခံရမည် ဖြစ်သည်။ တူရကီသမ္မတ အာဒိုဂန်သည် အားပေးထောက်ခံသူ ၁၇ သန်း နီးပါးနှင့်အတူ လူမှုမီဒီယာတွင် လူကြိုက်အများဆုံး ခေါင်းဆောင်များအနက် တစ်ဦးဖြစ်ပြီး လူမှုမီဒီယာ အမြဲတမ်းအသုံးပြုသူလည်း ဖြစ်သည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - အလင်းသစ်