ဝါရှင်တန် ၂  ဧပြီ

တူရကီနိုင်ငံသို့ အက်ဖ် ၃၅ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ပေးပို့မှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ထားသည့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရုရှားထံမှ ဝယ်ယူမည့် တူရကီ၏ အစီအစဉ်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်း၌ ဖော်ပြသည်။

လက်ရှိ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ချားလ်စ် ဆမ်မာက ဧပြီ ၁ ရက်တွင် ဖော်ပြချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ တူရကီက အက်စ် ၄၀ဝ ဒုံးကျည် ကာကွယ်ရေးစနစ် ဝယ်ယူမည့်ကိစ္စကို မစွန့်လွှတ်မချင်း အမေရိကန်သည် အက်ဖ် ၃၅ ဂျက်လေယာဉ်များ ပေးပို့မှုနှင့်တကွ တူရကီ၏ အက်ဖ် ၃၅ ဂျက် လေယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ လုပ်ဆောင်ချက်များကိုပါ ရပ်နားထား လိုက်ကြောင်း ပြောကြားခဲ့သည်။

ပင်တဂွန်သည် တူရကီ၌ ထုတ်လုပ်သည့် အက်ဖ် ၃၅ ဂျက်လေယာဉ် အစိတ်အပိုင်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ရှာဖွေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြချက်တွင် ထုတ်ပြန်ထားသည်။ တူရကီနိုင်ငံသည် မြေပြင်မှဝေဟင်ပစ် အက်စ် ၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ် ရုရှားမှ ဝယ်ယူမည့် အစီအစဉ်ကို လွန်ခဲ့သော နှစ်နှစ်အကြာက ကြေညာခဲ့သည်။ ထိုသို့ ဝယ်ယူမှုက ရှုပ်ထွေးနက်နဲသည့် အမေရိကန်၏ နည်းပညာများဆီသို့ ရုရှားကို ဝင်ရောက်ခွင့်ပေးရာ ရောက်စေနိုင်သည့်အတွက် ယင်းအစီအစဉ်ကို စွန့်လွှတ်ရန် အမေရိကန်က တူရကီသို့ ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သည်။

အမေရိကန် ကွန်ဂရက်လွှတ်တော်သည် ရုရှားထံမှ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူမည့်ကိစ္စအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။ တူရကီသည် မြောက်အတ္တလန္တိတ်အဖွဲ့ကြီးမှ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သကဲ့သို့ အမေရိကန်၏ မဟာမိတ်လည်း ဖြစ်သည်။ သို့သော်လည်း တူရကီသည် ရုရှားနှင့် နက်နဲသည့် ကူးလူးဆက်ဆံမှု ရှိနေသည်။

အက်ဖ် ၃၅ ဂျက်လေယာဉ်ပေးပို့မှု ရပ်ဆိုင်းလိုက်သည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်အပေါ် တူရကီဘက်မှ ပြင်းပြင်း ထန်ထန် တုံ့ပြန်လာဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

အင်န်အိတ်ချ်ကေ