အန်ကာရာ ဖေဖော်ဝါရီ ၆
တူရကီနိုင်ငံ သမ္မတ အာဒိုဂန်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရကြောင်း သမ္မတ အာဒိုဂန်က ဖေဖော်ဝါရီ ၅ ရက်တွင် ၎င်း၏တွစ်တာစာမျက်နှာမှ တစ်ဆင့်ပြောကြားခဲ့သည်ကို ဆင်ဟွာသတင်းဌာန က သတင်းဖော်ပြထားသည်။ ။
သမ္မတအာဒိုဂန်နှင့် ဇနီးဖြစ်သူတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် လက္ခဏာများ တွေ့ရှိခဲ့ကြောင်းနှင့် ၎င်း၏လုပ်ငန်းဆောင်တာများကို နေအိမ်မှနေ၍ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားသည်။
တူရကီနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ လျင်မြန်စွာပျံ့နှံ့လျက်ရှိသည့်အပြင် ဇန်နဝါရီလ အစောပိုင်းမှစတင်ကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရေအတွက်သည်လည်း နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၁၁၅၇ ဦး ထပ်မံတွေ့ရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၁၂၀၅၁၈၅၂ ဦးရှိလာကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅၆ ဦးထပ်တိုးလာခြင်းကြောင့် သေဆုံးသူစုစုပေါင်း ၈၃၂၃၁ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၅၅၀၂ ဦးရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်