ကလျာမိုးမြင့်

ဆီးရီးယားမှာ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားတဲ့ ဧရိယာတွေကို တူရကီအစိုးရက မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်နေမှု ရပ်တန့်အောင်လုပ်ဖို့ အမေရိကန်ဟာ ဖိအားများစွာနဲ့ လုံးချာလိုက်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။


အကြောင်းဖန်
ဆီးရီးယားမှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်က တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုဖြစ်လာစေဖို့ အကြောင်း ဖန်လာတဲ့အတွက် ဒီကိစ္စမှာအမေရိကန်က အပြစ်မြင် ခံနေရပါတယ်။ သမ္မတထရမ့်က ၎င်းအနေနဲ့ နေတိုး မဟာမိတ်အဖွဲ့ဖြစ်တဲ့ တူရကီနဲ့ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့တွေ အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစ်ရပ် အတွက် ညှိနှိုင်းစေချင်တယ်လို့ ဆိုနေပေမယ့် ဒါက တကယ်တော့ သိပ်မလွယ်လှပါဘူး။

 


နောက်ကျောကို ဓားနဲ့ထိုး
တစ်ဖက်မှာလည်း ကာ့ဒ်ပြည်သူ့စစ်ခေါင်းဆောင် တွေက အမေရိကန်ဟာ ၎င်းတို့ရဲ့နောက်ကျောကိုဓားနဲ့ ထိုးတယ်ဆိုပြီး ပြောဆိုလာပါတယ်။ မည်သို့ပင်ဆိုစေ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းခြင်းမရှိတဲ့ ကိုဘိန်း မြို့အနီးမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့ညနေခင်းမှာ တူရကီရဲ့လက်နက်ကြီး ပစ်ခတ်မှုအောက် ကျရောက်ခဲ့ရတယ်လို့ ပင်တဂွန်က ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ တူရကီရဲ့ ထိုးစစ်ဆင်မှုစတင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ပြည်သူတစ်သိန်းကျော် နေအိမ်စွန့်ခွာထွက်ပြေးနေရ တယ်လို့ သိရပါတယ်။

 


ဖမ်းဆီးခံထားရသူတွေရဲ့ ကံကြမ္မာ
နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကစိုးရိမ်နေရတဲ့ အချက်တစ်ခုကတော့ အိုင်အက်စ်အဖွဲ့သားတွေအဖြစ် သံသယနဲ့ဖမ်းဆီးထားတဲ့ အကျဉ်းသားထောင်ပေါင်း များစွာတို့ရဲ့ ကံကြမ္မာဖြစ်ပြီး ဖမ်းဆီးထားတဲ့အထဲမှာ ဒေသအတွင်းက ကာ့ဒ်ပြည်သူ့စစ်ဦးဆောင်တဲ့ တပ်ဖွဲ့ တွေကစောင့်ကြပ်နေတဲ့ ပြည်ပနိုင်ငံသားများစွာ ပါနေ ပါတယ်။
အမေရိကန်ကတော့ ၎င်းတို့တပ်ဖွဲ့ဝင်တွေဘက်က တူရကီကို ခုခံကာကွယ်တဲ့အနေနဲ့ ချက်ချင်းလက်ငင်း တုံ့ပြန်တိုက်ခိုက်ရစေမယ့် အခြေအနေမျိုးအထိ ရောက် မလာအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုနေ ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ တူရကီက အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားခြင်းအလျှင်းမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဟာ ဒေသတွင်းမှာ အမေ ရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး ၇၅ မိုင်ခန့် ရှည်လျားတဲ့ တူရကီ - ဆီးရီးယား နယ်စပ်တစ်လျှောက်မှာ တူရကီရဲ့ မြေပြင်နဲ့ ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်မှုပေါင်း မြောက်မြားစွာကို ရင်ဆိုင်ရလျက်ရှိပါတယ်။


တူရကီကို ဖိအားပေးဖို့ ဘာတွေလုပ်
အမေရိကန်ကွန်ဂရက်လွှတ်တော်အတွင်းမှာတော့ နိုင်ငံရေးအရ သဘောထားကွဲပြားနေတဲ့ ဥပဒေပြုအမတ် တွေဟာ တူရကီအပေါ် ဖိအားတွေအကြီးအကျယ်ပေး နိုင်စေမယ့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။


တူရကီရဲ့ ထိုးစစ်ဆင်တဲ့ ကျူးကျော်မှုမှာ ပါဝင် ပတ်သက်နေတဲ့ တူရကီအာဏာပိုင်တွေနဲ့ ဘဏ်တွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်နိုင်မယ့် ဥပဒေကြမ်းတစ်ရပ် ကို အောက်လွှတ်တော်ပြည်ပရေးရာကော်မတီရဲ့ ဒီမို ကရက်တစ်ဥက္ကဋ္ဌက အီလီယွိုက် အန်ဂျယ်လ်နဲ့ ကော်မတီ ရဲ့ ဩဇာရှိသူ ရီပတ်ဘလစ်ကန်အမတ် မိုက်မက်ကော်လ် တို့က စတင်မိတ်ဆက်ခဲ့တာပါ။

 


ပြင်သစ်နိုင်ငံရဲ့ တုံ့ပြန်မှု
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုကိုကြည့်မယ် ဆိုရင် ပြင်သစ်နိုင်ငံဟာ ဆီးရီးယားက ကာ့ဒ်ပြည်သူ့စစ် အဖွဲ့ကို တူရကီထိုးစစ်ဆင်ရာမှာ အသုံးပြုနိုင်စေမယ့် လက်နက်တင်ပို့မှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ပြင်သစ်ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့က ကြေညာလိုက်တဲ့အပြင် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့အနေနဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ချက်ချင်းဆိုသလို ပြုလုပ်စေချင် ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။


ဂျာမနီ
ဂျာမနီနိုင်ငံကလည်းပဲ တူရကီရဲ့ ထိုးစစ်ကိုအားပေးရာ ရောက်စေမယ့် လက်နက်တင်ပို့မှုကို ဖြတ်တောက်လျှော့ချ ပစ်တော့မယ်ဆိုတဲ့အကြောင်းကို ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ဟီကိုမာအက်စ်က ပြောကြားခဲ့ပါတယ်။ ဂျာမနီ နိုင်ငံတစ်ဝန်းမှာ တူရကီရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ ကာ့ဒ် မျိုးနွယ်စု ရွှေ့ပြောင်းသွားလာသူ ထောင်နဲ့ချီပြီး စုဝေး ချီတက်မှုပြုလုပ်ခဲ့ကြပြီးနောက်မှာ နိုင်ငံခြားရေးဝန်ကြီးက ယခုလို ကြေညာခဲ့တာဖြစ်ပါတယ်။ ဩစတြီးယား၊ ဆွစ်ဇာ လန်နဲ့ ဂရိနိုင်ငံတွေမှာလည်း အလားတူပဲ တူရကီရဲ့ထိုးစစ် ဆင်မှုကိုဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေ ပေါ်ထွက်နေ ပါတယ်။


အာရပ်လိဂ်အဖွဲ့
အာရပ်လိဂ်အဖွဲ့ကြီးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ တူရကီကဆီးရီးယား မှာ ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်စေဖို့နဲ့ အာရပ် နိုင်ငံတွေကနေ တူရကီရဲ့တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး ရုပ်သိမ်းသွားဖို့ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆို လျက်ရှိပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ တူရကီရဲ့ တိုက်ခိုက်မှုကို အားပေးရာရောက်နေတဲ့ စစ်ရေးဆိုင်ရာနဲ့ ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေကို ရပ်နားဖို့ ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။


ဆီးရီးယားမြောက်ပိုင်းမှာရှိနေကြတဲ့ ကာ့ဒ်ပြည်သူ့စစ် ဦးဆောင်အဖွဲ့က အမေရိကန်ကို တာဝန်သိစွာလုပ်ဆောင် ပေးဖို့နဲ့ တူရကီစစ်လေယာဉ်တွေလာမယ့် ဆီးရီးယား မြောက်ပိုင်းလေပိုင်နက်တွေကို ပိတ်ထားဖို့ တောင်းဆို နေပါတယ်။ တူရကီထိုးစစ်စတင်တဲ့ နေ့ရက်ကစပြီး လေးရက်အကြာမှာ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးအဖွဲ့ဝင် ၄၅ ဦးအထိသေဆုံးခဲ့ပါပြီ။


ရုရှား
ရုရှားသမ္မတဗလာဒီမာပူတင်က ဆီးရီးယားမှာ ရှိနေ ကြတဲ့ ပြည်ပကတပ်ဖွဲ့ဝင်တွေအားလုံးဟာ အဲဒီနိုင်ငံက နေ အကုန်ထွက်သွားကြဖို့ သင့်တယ်လို့ အကြံပြုနေပါ တယ်။ တူရကီ၊ အီရန်၊ အမေရိကန်အပါအဝင် အခြားနိုင်ငံ တွေနဲ့ စကားပြောဆိုခဲ့ရာမှာ ရုရှားနိုင်ငံက ဆီးရီးယားရဲ့ နယ်နိမိတ်ဆိုင်ရာ ပိုင်စိုးမှုကို ပြန်လည်ထိန်းသိမ်းသင့် တယ်ဆိုတာနဲ့ အဲဒီမှာ ပြည်ပကတပ်ဖွဲ့ဝင်တွေတည်ရှိမှုကို အဆုံးသတ်ဖို့ လိုအပ်တယ်ဆိုတာကို ပြောခဲ့ပြီး ဖြစ်တယ်လို့ သမ္မတပူတင်ကပြောကြားခဲ့ပါတယ်။


အင်တာဗျူး အမေးအဖြေအတွင်း ဆီးရီးယား မြောက်ပိုင်းမှာ တူရကီရဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းမရှိတာကိုကြည့်ရင် ရုရှားဟာ တူရကီရဲ့ ကိစ္စမှာမယုတ်မလွန် သဘောထားမျိုးရှိတယ်လို့ ခန့်မှန်း ရမှာဖြစ်ပြီး တူရကီဟာ ၎င်းရဲ့နယ်စပ်လုံခြုံရေးကို ခိုင်မာသေချာအောင် လုပ်သင့်တယ်လို့ အကြံပြုထားတာ ကိုလည်း တွေ့ရပါတယ်။ ဆီးရီးယားခေါင်းဆောင်တွေက အနာဂတ်မှာ ရုရှားတပ်ဖွဲ့ဝင်တွေ မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်ရင် ၎င်းတို့ကလည်း တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။


အီရတ်သဘောထား
အီရတ်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် အယ်လ်ဟာ ကင်က ဆီးရီးယားမြောက်ပိုင်းမှာ တူရကီရဲ့ စစ်ရေး ကျူးကျော်မှုဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ဆောင် နိုင်စွမ်းကို အားဖြည့်ပေးရာရောက်နေသလို အိုင်အက်စ် အစွန်းရောက်အဖွဲ့ကို ချေမှုန်းဖို့ ကမ္ဘာတစ်ဝန်းကြိုးပမ်း မှုတွေကိုလည်း ထိခိုက်စေတယ်လို့ မှတ်ချက်ပေးနေပါ တယ်။ စစ်ရေးအရကျူးကျော်တိုက်ခိုက်ခြင်းဟာ ဆီးရီး ယားမှာ နောက်ထပ်ပဋိပက္ခအသစ်တွေ ထပ်ဖြစ်လာဖို့ မီးစာထည့်ပေးသလို အဖြစ်မျိုးဖြစ်နေပြီး ဘယ်လိုမှ အလားအလာမကောင်းနိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ကို တူရကီရဲ့ထိုးစစ်ဆင်မှုအပေါ် ကမ္ဘာ့နိုင်ငံတွေရဲ့ တုံ့ပြန် မှုကိုဆန်းစစ်ကြည့်ရင် အများနဲ့တစ်ယောက်ဖြစ်နေတဲ့ တူရကီရဲ့ အခြေအနေဟာ ထင်သာမြင်သာဖြစ်နေပါ တယ်။ တူရကီအနေနဲ့ တစ်ဖက်မှာလည်း နေတိုးအဖွဲ့ မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ပျက်ရဖို့ ရှိနေသလို အရေးယူ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးထိခိုက်လာနိုင်တဲ့ အန္တရာယ်ကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ။
ကိုးကား- အေပီ