မြင်းခြံ ၁၁ မေ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ တူရွင်းဘို့ကျေးရွာနေ ဒေါ်မြင့်ဦး(ဘ)ဦးကျော်ငွေ ၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် ကူးစက်လောင်ကျွမ်းရာ ထန်းရွက်မိုး ထရံကာအိမ် ၂ လုံး၊ သွပ်မိုးထရံကာအိမ် ၄ လုံး၊ ထန်းရွက်တဲ မီးဖိုဆောင် ၁ လုံး စုစုပေါင်း နေအိမ် ၆ လုံးနှင့် မီးဖိုဆောင် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီး ၊ အဖြူရောင်လက်များ ပရဟိတအသင်းမှ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၅၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး စုစုပေါင်း ၈၀ ဦးနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်မြင့်ဦး (ဘ)ဦးကျော်ငွေအား မြင်းခြံနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)