ရန်ကုန်  ၂၉   ဇန်နဝါရီ

 

WLC Battlebones ပွဲစဉ် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်ဂါးဒင်းလ် Residence တွင် ကျင်းပခဲ့ပြီး WLC Battlebones မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်သူ ဥဇဘက် ကစ္စတန်နိုင်ငံသား တူတာဗို့က ပြိုင်ဘက်တူးတူး ကစားပုံများအား လေ့လာထားပြီး အနိုင်ရရှိအောင် ထိုးသတ်သွားမည်ဟု ပြောဆိုသည်။

 

“ထိုင်းဖိုက်ပွဲမှာတုန်းက တူးတူးနဲ့ကစားပြီး အနိုင်ယူခဲ့ဖူးပါတယ်၊ တူးတူးရဲ့ ကစားပုံ၊ ထိုးသတ်ပုံ နည်းစနစ်တွေကို လေ့လာထားပါတယ်၊ ဒီပွဲမှာ အနိုင်ရရှိအောင် ထိုးသတ်သွားမှာပါ” ဟု ဥဇဘက်ကစ္စတန်နိုင်ငံသား ကမ္ဘာ့အဆင့် ဖိုက်တာ တူတာဗို့ (Naimjon Tuhtaboyev)က ပြောသည်။ 

 

မြန်မာလက်ဝှေ့ကျော် တူးတူးနှင့် ဥဇဘက်ကစ္စတန်နိုင်ငံသား ကမ္ဘာ့အဆင့် ဖိုက်တာတူတာဗို့တို့သည် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့ လုပွဲစဉ်အဖြစ် ဇန်နဝါရီ ၃၁ ရက်တွင် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားခန်းမတွင် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

 

“ကျွန်တော်နဲ့ ယှဉ်ပြိုင်ရမယ့် တူတာဗို့က ပထမတစ်ပွဲ ယှဉ်ပြိုင်ခဲ့ပြီးပြီ၊ သူရဲ့ ယှဉ်ပြိုင်ပုံတွေ၊ သူရဲ့ ထိုးပုံ ကန်ပုံ ဘာလဲဆိုတာ ရင်းရင်းနှီးနှီး သိထားပြီးပြီ၊ သူ ဖျံသွေးနဲ့ ထိုးသတ်ပုံကိုလည်း ကြည့်ထားပြီတာ ဖြစ်တဲ့အတွက် သူက ကျွန်တော့်အတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာမယ်၊ ပရိသတ်တွေအတွက်လည်း စိတ်၀င်စားစရာ ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာအောင်၊ ဒီပွဲအတွက်လည်း အကောင်းဆုံးနဲ့ အနိုင်ရရှိအောင် လေ့ကျင့်ပြင်ဆင်မှု ပြုလုပ်ထားပါတယ်၊ ရိုးရာလက်ဝှေ့ပရိသတ်ကြီးအတွက် အကောင်းဆုံးနဲ့ အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားမှာပါ” ဟု တူးတူးက ဆိုသည်။

 

အဆိုပါ လက်ဝှေ့ပွဲစဉ်တွင်  ဟိန်းထွန်းအောင်နှင့် အမ်ဆိုသီ EM Sothy (ကမ္ဘောဒီးယား)၊ သား၀င်းထွန်းနှင့် EH MWE (မြန်မာ)၊ စောကောင်းထက်နှင့် ဆင်မြူရယ်တော့စ်ကာနိုဟာ Samuel Toscano (အီတလီ)၊ စောလှမင်းနှင့် ထွန်းလင်းအောင်၊ လင်းထက်အောင်နှင့် ဇင်ဘို၊ ဆိုရိစ်မန်ဖရက်ဒီ(ပြင်သစ်)နှင့် ထရန်သီလျူအာ(ဗီယက်နမ်)၊ စိုးမင်းအောင်နှင့် ဆော့ရစ်သ်တို့၏ တွဲဆိုင်းများလည်းပါ၀င်ပြီး အသီးသီး ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

 

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး