ရွှေဘို ၃၀ မေ

 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တယ်ပင်အနောက်ကျေးရွာတွင် နေထိုင်သည့် ကလေး ၁၇ ဦးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသဖြင့် ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရကြောင်း တယ်ပင်အနောက်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

 

တယ်ပင်အနောက်ကျေးရွာတွင် ယခုလ နောက်ဆုံးပတ်မှ စတင်၍ အိမ်ထောင်စု ၁၇ စုမှ လူဦးရေ ၂၄ ဦးတွင် အဖျားရောဂါများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း ၂၄ ဦးအနက် ၁၇ ဦးသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၃ နှစ်အောက် အရွယ်များတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ခံစားရသူများသည် မန္တလေးမြို့ရှိ ပြည်သူ့ဆေးရုံနှင့် ရွှေဘိုမြို့ရှိ ပြည်သူ့ဆေးရုံများတွင် သွားရောက်ဆေးကုသမှု ခံယူလျက်ရှိပြီး မေ ၃၀ ရက် စာရင်းအရ ကလေး ၁၁ ဦးမှာ ရောဂါပျောက်ကင်းသွားပြီ ဖြစ်သဖြင့် ဆေးရုံမှဆင်းခဲ့ပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

 

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် ကျေးရွာသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သည့် အဖွဲ့သည် မေ ၃၀ ရက် နံနက်ပိုင်းက သွားရောက်ခဲ့ပြီး ကျေးရွာ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသူများ၏ မိဘများနှင့် တွေ့ဆုံအားပေးခြင်း ပြုလုပ်ခဲ့ပြီး ကျန်းမာရေးသုံး ပစ္စည်းများအဖြစ် ရေသန့်ဘူးနှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ခဲ့သည်။ တယ်ပင်အနောက်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး အဆိုပါ ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ရွာလုံးကျွတ် ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန်အတွက်လည်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မှာကြားခဲ့သည်။

 

ထွန်းမြင့်အောင်(ရွှေဘို) (ပြန်/ဆက်)