ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

တိုက်ဖိုက် အူရောင်ငန်းဖျားရောဂါအကြောင်း အားလုံးကြားဖူးကြမှာ။ အစားအစာတွေ မသန့်ရှင်းရာကနေပါလာတဲ့ Salmonella typhi ဘက်တီးရီးယားဟာ ကိုယ်ထဲကိုရောက်သွားတဲ့အခါမှာ တိုက်ဖိုက် အူရောင်ငန်းဖျားရောဂါကို ဖြစ်စေပါတယ်။

လက္ခဏာတွေကတော့

-    ချမ်းတုန်ပြီးဖျားပြီး
-    ခေါင်းကိုက် နုန်းခွေနေမယ်
-    ဝမ်းချုပ်မယ်
-    ပျို့အန်မယ် စတာတွေပဲ ဖြစပါတယ်။

နာမည်ကိုတည်းက အူရောင်ငန်းဖျားရောဂါဖြစ်တဲ့အတွက် တိုက်ဖိုက်ဖြစ်နေချိန် ကိုယ်တွင်းက အူလေးတွေရောင်နေမှာ ကျိန်းသေတာကြောင့် အူအတွက် အဆင်ပြေမယ့် အစားအစာတွေ ရွေးစားဖို့လိုအပ်သလို  အားရှိစေမယ့် အစားအစာတွေ စားပေးဖို့လည်းလိုပါတယ်။

အူရောင်ငန်းဖျားရောဂါဖြစ်နေတဲ့သူတွေ ဘာတွေစား၊ ဘာတွေရှောင်ရမလဲ ။ ။

စားသင့်တာတွေက

( ၁ ) ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေဦးစားပေးစားပါ။

ဗီတာမင် A ဗီတာမင် B နဲ့ ဗီတာမင် C တို့ဟာ ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်ဖြစ်တာကြောင့် ရောဂါပိုးဝင်နေတဲ့အချိန် ခုခံအားပြန်အားရှိစေဖို့ ဗီတာမင် A, B, C ကြွယ်ဝတဲ့အစားအစာတွေကို စားပေးပါ။ လိမ္မောသီး၊ မုန်လာဥနီ။ သံပရာသီး ဟင်းနုနွယ်တို့ကို စားပေးဖို့လိုပါတယ်။

( ၂ ) ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့အစားအစာတွေ။

တိုက်ဖိုက်ရောဂါဖြစ်နေတဲ့အချိန် အစားမစားနိုင်တာကတစ်ကြောင်း၊ အားနည်းနေတာက တစ်ကြောင်းနဲ့ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် အားပြန်ပြည့်စေဖို့ ပြန်ပြီး စိုစိုပြေပြေဖြစ်စေဖို့ ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေစားပါ။ အသားပြုတ်ပျော့ပျော့လေးတွေ စားပေးဖို့လိုသိလို အာလူးဆို့ကန်စွန်းဥတို့လည်း စားပေးလို့ရပါတယ်။

( ၃ )အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေကိုများများစားပါ့။

အိုမီဂါ 3 က ကိုယ်တွင်းရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် အူရောင်တာ သက်သာစေဖို့ အိုမီဂါ 3 ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။

( ၄ ) ရေများများသောက်ပါ။

ရေဓာတ်ဆိုတာ ကိုယ်တွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ အကောင်းဆုံး အရာတစ်ခုပါ။  နောက်ပြီး အူရောင်ငန်းဖျားရောဂါ ဖြစ်နေတဲ့အချိန် တက်နေတဲ့ ကိုယ်အပူချိန်ကြောင့် ရေဓတ်ခန်းခြောက်မှာ ဖြစ်သလို ပျို့အန်တာ၊ ချွေးစေးတွေပြန်တာကြောင့်လည်း ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် ရေများများပြန်သောက်ပေးဖို့လိုပါတယ်။

( ၅  ) အစားပျော့ပျော့စားပါ။

အူရောင်ငန်းဖျားရောဂါကြောင့် အူတွေအားနည်းနေမှာဖြစ်တဲ့အတွက်  အစာခြေရလွယ် အာဟာရလည်းရှိမယ့် ကြက်သားဆန်ပြုတ် မြူစွမ်ပြုတ်တို့ကို အဓိကစားပါ။ ကြက်ဥပြုတ်တို့ ဟင်းသီးဟင်းရွက်ပြုတ်တို့လည်း စားပေးလို့ရပါတယ်။

ရှောင်သင့်တဲ့ အစားအစာတွေကတော့

-    ရောင်နေတဲ့ အူကို ပိုမဆိုးစေဖို့ အဆီများပြီး ပူစပ်တဲ့ အစားအစာတွေကို ရှောင်ပါ။

-    အူကို ဖိအားဖြစ်စေမယ့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မစားပါနဲ့.

-    ပျို့ချင်အန်ချင်စိတ်ပိုများစေမယ့် အနံ့ပြင်းတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူတိုကို ရှောင်ပါ။

-    အဆီးများတဲ့ ချိစ်၊ ဆီကြော်မုန့်တို့ကိုရှောင်ပါ။

အစားအားလုံးကို သန့့်သန့်ရှင်းရှင်းထားပါ။ ယင်နားမခံပါနဲ့။ လက်သေချာဆေးပြီးမှ အစားစားပါ။ ဆရာဝန်ပေးတဲ့ဆေးကို မှန်မှန်သောက်ပါ. ကောင်းကောင်းအိပ်စက်အနားယူပါ။ ဒါဆိုရင်တော့ ဖြစ်နေတဲ့ တိုက်ဖိုက် အမြန်ဆုံး ပျောက်သွားမှာ အသေအချာပါ။ ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”