၁၅ သြဂုတ်
တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါအကြောင်း အားလုံးကြားဖူးကြမှာ။ အစားအစာတွေ မသန့်ရှင်းရာကနေပါလာတဲ့ Salmonella typhi ဘက်တီးရီးယားဟာ ကိုယ်ထဲကိုရောက်သွားတဲ့အခါမှာ တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါကို ဖြစ်စေပါတယ်။
လက္ခဏာတွေကတော့
ချမ်းတုန်ပြီးဖျားပြီး
ခေါင်းကိုက် နုန်းခွေနေမယ်
ဝမ်းချုပ်မယ်
ပျို့အန်မယ် စတာတွေပဲ ဖြစ်ပါတယ်။
နာမည်ကိုတည်းက အူရောင်ငန်းဖျားရောဂါဖြစ်တဲ့အတွက် တိုက်ဖွိုက်ဖြစ်နေချိန် ကိုယ်တွင်းက အူလေးတွေ ရောင်နေမှာ ကျိန်းသေတာကြောင့် အူအတွက် အဆင်ပြေမယ့် အစားအစာတွေ ရွေးစားဖို့လိုအပ်သလို အားရှိစေမယ့် အစားအစာတွေ စားပေးဖို့လည်းလိုပါတယ်။
အူရောင်ငန်းဖျားရောဂါဖြစ်နေတဲ့သူတွေ ဘာတွေစား၊ ဘာတွေရှောင်ရမလဲ။
စားသင့်တာတွေက
(၁) ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေဦးစားပေးစားပါ။
ဗီတာမင်A ဗီတာမင် B နဲ့ ဗီတာမင် C တို့ဟာ ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်ဖြစ်တာကြောင့် ရောဂါပိုးဝင်နေတဲ့အချိန် ခုခံအားပြန်အားရှိစေဖို့ ဗီတာမင် A,B,C ကြွယ်ဝတဲ့အစားအစာတေကို စားပေးပါ။ လိမ္မောသီး၊ မုန်လာဥနီ။ သံပရာသီး ဟင်းနုနွယ်တို့ကို စားပေးဖို့ကလိုပါတယ်။
(၂) ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့အစားအစာတွေ။
တိုက်ဖွိုက်ရောဂါဖြစ်နေတဲ့အချိန် အစားမစားနိုင်တာက တစ်ကြောင်း၊ အားနည်းနေတာက တစ်ကြောင်းနဲ့ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် အားပြန်ပြည့်စေဖို့ ပြန်ပြီး စိုစိုပြေပြေဖြစ်စေဖို့ ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေစားပါ။ အသားပြုတ်ပျော့ပျော့ လေးတွေ စားပေးဖို့လိုသလို အာလူးတို့ ကန်စွန်းဥတို့လည်း စားပေးလို့ရပါတယ်။
(၃)အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေကို များများစားပါ။
အိုမီဂါ 3 က ကိုယ်တွင်းရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် အူရောင်တာ သက်သာစေဖို့ အိုမီဂါ 3 ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။
(၄) ရေများများသောက်ပါ။
ရေဓာတ်ဆိုတာ ကိုယ်တွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ အကောင်းဆုံး အရာတစ်ခုပါ။ နောက်ပြီး အူရောင်ငန်းဖျားရောဂါ ဖြစ်နေတဲ့အချိန် တက်နေတဲ့ ကိုယ်အပူချိန်ကြောင့် ရေဓတ်ခမ်းခြောက်မှာ ဖြစ်သလို ပျို့အန်တာ၊ ချွေးစေးတွေပြန်တာကြောင့်လည်း ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် ရေများများပြန်သောက်ပေးဖို့လိုပါတယ်။
(၅) အစားပျော့ပျော့စားပါ။
အူရောင်ငန်းဖျားရောဂါကြောင့် အူတွေအားနည်းနေမှာဖြစ်တဲ့အတွက် အစာခြေရလွယ် အာဟာရလည်းရှိမယ့် ကြက်သားဆန်ပြုတ် မြူစွမ်ပြုတ်တို့ကို အဓိကစားပါ။ ကြက်ဥပြုတ်တို့ ဟင်းသီးဟင်းရွက်ပြုတ်တို့လည်း စားပေးလို့ရပါတယ်။
ရှောင်သင့်တဲ့ အစားအစာတွေကတော့
ရောင်နေတဲ့ အူကို ပိုမဆိုးစေဖို့ အဆီများပြီး ပူစပ်တဲ့ အစားအစာတွေကို ရှောင်ပါ။
အူကို ဖိအားဖြစ်စေမယ့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မစားပါနဲ့။
ပျို့ချင်အန်ချင်စိတ်ပိုများစေမယ့် အနံ့ပြင်းတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ရှောင်ပါ။
အဆီးများတဲ့ ချိစ်၊ ဆီကြော်မုန့်တို့ကိုရှောင်ပါ။
အစားအားလုံးကို သန့်သန့်ရှင်းရှင်းထားပါ။ ယင်နားမခံပါနဲ့။ လက်သေချာဆေးပြီးမှ အစားစားပါ။ ဆရာဝန်ပေးတဲ့ဆေးကို မှန်မှန်သောက်ပါ။ ကောင်းကောင်းအိပ်စက်အနားယူပါ။ ဒါဆိုရင်တော့ ဖြစ်နေတဲ့ တိုက်ဖွိုက် အမြန်ဆုံး ပျောက်သွားမှာ အသေအချာပါ။
ရေးသားသူ - Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”