ရန်ကုန် ၂၂ ဇွန်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ UEHRD ကော်မတီဝင်များနှင့် ကော်မတီ၏လုပ်ငန်းအဖွဲ့ (Task Force)များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ UEHRD ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီဝင်များဖြစ်ကြသော ဒေါက်တာ အောင်ထွန်းသက် (ညှိနှိုင်းရေးမှူးချုပ်)၊ ဦးတိုးအောင် (UEHRDကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်)၊ ဦးကျော်မြိုင် (သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ)၊ ဦးညီငြိမ်းအေး (စီမံခန့်ခွဲမှု အရာရှိချုပ်)နှင့် လုပ်ငန်းအဖွဲ့ (Task Force)များမှ အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက UEHRD ကော်မတီသည် National Movement ဖြစ်သည့်အတွက် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့က တာဝန်ရှိသူများအပြင် ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များ လုပ်ငန်းရှင်များ ပါဝင်ပါကြောင်း၊ အလွှာစုံကပုဂ္ဂိုလ်များ၏ ပူးပေါင်းပါဝင်မှုမရလျှင် UEHRD စီမံကိန်းသည် မျှော်မှန်းထားသည့် ပန်းတိုင်သို့ရောက်ရှိနိုင်မည် မဟုတ်ပါကြောင်း၊ အခုလို အားလုံးကဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက UEHRD ကော်မတီသည် နိုင်ငံတော်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် စီမံကိန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့်  ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGO နှင့် CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOsများ အားလုံးအတူတကွ ပူးပေါင်းညှိနှိုင်းအကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်မှာ ပြည်သူတစ်ရပ်လုံးသာတူညီမျှ ရရှိခံစားနိုင်စေရေးဦးတည်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် ဖြစ်ပါကြောင်း၊ သာတူညီမျှဆိုရာတွင် လိုအပ်ချက်ရှိနေသည့် နေရာများကို ဖြည့်ဆည်းပေးခြင်း၊ နိမ့်ကျမှုရှိနေသည့် နေရာများကို မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လိုအပ်ချက်ရှိနေသော နေရာများတွင်  ရခိုင်ပြည်နယ် ပါဝင်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့်အခက်အခဲများ၊ စိန်ခေါ်မှုများသည် နှစ်ပေါင်း (၇၀) နီးပါး ဖြစ်ပွားပေါ်ပေါက်လာသော ကိစ္စရပ်များဖြစ်သည့်အတွက် ပြောင်းလဲမှုကိုဖော်ဆောင်ရာတွင် ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများစွာ ရှိပါကြောင်း။

UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့များမှာပါဝင်ကြသည့် ခေါင်းဆောင်များ၊ အဖွဲ့ဝင်များသည် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ အာဆီယံမှ ပြန်လည်လက်ခံရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသော အစိုးရဌာနများနှင့် ပါဝင်ပတ်သက်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ သတင်းအချက်အလက် ဖြန့်ဝေပေးခြင်း နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းဟူသည့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၃)ရပ် အတိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်လျှင်အာဆီယံဒေသတွင်းနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းကို ကမ္ဘာကသိအောင် ပြသရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး (Socio-Economic Development)၊ လူမှုသဟဇာတဖြစ်ရေး (Social Cohesion)နှင့် တရားဥပဒေစိုးမိုးရေး (Rule of Laws) အတွက် ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကြည်စိုးက UMFCCI အနေဖြင့် UEHRD၏လုပ်ငန်းအဖွဲ့များ၊ ရခိုင်ပြည်နယ်ရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မောင်တောခရိုင်ရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့နှင့် ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး ပံ့ပို့းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ UEHRD ကော်မတီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်က နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော UEHRD စီမံကိန်းသည် နိုင်ငံအတွက် အလွန်အရေးကြီးသော စီမံကိန်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြစ်တင်မှုများရှိနေသော်လည်း UEHRD ကော်မတီနှင့် လုပ်ငန်းအဖွဲ့များက တက်ညီလက်ညီလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုထက် ပိုပြီးဝေဖန်၍ မရပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကိုက်ညီသော ရှေ့ဆက်ဆောင်ရွက်ရေး လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာမှ သိရှိအောင် သတင်းအချက်အလက်ဖြန့်ချိနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ National Movement အနေဖြင့် ဆောင်ရွက်ခဲ့သည့် UEHRD စီမံကိန်းကို ယခုထက် ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ယနေ့တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်တွင် UEHRD ကော်မတီ လုပ်ငန်းအဖွဲ့များက မိမိတို့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က UEHRD ကော်မတီတွင် နိုင်ငံတကာဖိအားများရှိပါကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ လုပ်ငန်းအဖွဲ့များ အတူတကွ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)