ရန်ကုန်  ၁၉  မေ 

 

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး အာဆီယံနိုင်ငံများအနေဖြင့် UEHRD ၏ ဆောင်ရွက်မှုကို ထောက်ခံလျက်ရှိသည်ဟု UEHRD ကော်မတီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်က သတင်းမီဒီယာများအားဖြေကြားခဲ့သည်။ 

 

ယနေ့ နံနက်ပိုင်းက  ရန်ကုန်မြို့ရွှေလီလမ်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်မှု ညှိနှိုင်းအစည်း အဝေးအပြီးတွင် UEHRD ကော်မတီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

 

ဦးတိုးအောင်က “ UEHRD က နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ အာဆီယံက ကျွန်တော်တို့ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ဆောက်ရွက်ပုံ၊ ဆောင်ရွက်နည်း၊ ဆောင်ရွက်ချက်တွေကို လုံးဝ ထောက်ခံပါတယ်။ အခု ရခိုင်မှာ လာပြီး အကူအညီပေးဖို့ တက္ကသိုလ်တစ်ခု ထူထောင်ဖို့ ဆိုတဲ့ အဆင့်ထိ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်ကျွန်တော် သိထားတာကတော့ မကြာခင်မှာ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် လာဖို့ရှိပါတယ်။ ဒါကြောင့် အာဆီယံ နိုင်ငံတွေရဲ့ အထောက်အပံ့ကို တော်တော်လေး ပြည့်ပြည့်ဝ၀ ရပါတယ်” ဟုပြောကြားသည်။ 

 

ယနေ့ကျင်းပသည့် UEHRD ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်မှု ညှိနှိုင်းအစည်းအဝေးတွင် နေပြည်တော်နဲ့ ရန်ကုန်ရှိ UEHRD ရုံးနှစ်ရုံး၏ ဆက်သွယ်မှုကို ပိုမို အင်အားဖြည့်ရန်၊ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း (Project) များ မြန်ဆန်စွာအကောင် အထည် ဖော်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ UEHRD လူငယ်များ၏ အစီအစဉ် ကို အရှိန်အဟုန် မြှင့်ပြီး ဆောင်ရွက်ရန်တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 
“UEHRD ရဲ့  ဆောင်ရွက်မယ့်အရာတွေက လူသားချင်းစာနာမှုကူညီထောက်ပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခကင်းဝေးရေးတို့က အဓိကပါ။ ပြန်လည်နေရာချထားရေး လို့ပြောရင် လူတွေက တစ်ဖက်နိုင်ငံ ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေကိုပဲ မြင်ပါတယ်။ တကယ်တော့ ပြန်လည်နေရာချထားတယ်ဆိုတာ အခုလောလောဆယ် ဒီကနေ့ဖြစ်ပျက်နေတဲ့ အရာတွေကြောင့် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး သွားနေရတဲ့ သူတွေကိုလဲ ခေါ်ပါတယ်။ IDPs ပေါ့။ အဲ့ဒါတွေကိုလဲ ပြန်လည်နေရာချထားရပါတယ်။ ဒီလုပ်ငန်းက ဖြစ်လာတဲ့ပြဿနာအပေါ်မှာ လူသားချင်း ကူညီထောက်ပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ရေရှည်ပဋိပက္ခတွေ ကင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးက UEHRD ရဲ့ အဓိက အလုပ်ပါပဲ” ဟု  ဦးတိုးအောင်က ပြောသည်။ 

 

UEHRD သည် Outreach Working Group ကို ထပ်မံဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့အနေဖြင့် UEHRD ၏ ဆောင်ရွက်ချက်များကို ပြည်သူများသိစေရန်အတွက်  ပြည်တွင်းနှင့်နိုင်ငံတကာသတင်းဌာနများသို့ သတင်းထုတ်ပြန်မှုများ၊ သတင်းအချက်အလက်ဖြန့်ဝေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း UEHRD ၏ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် ထံမှ သိရသည်။ 

 

ဒေါ်ပြုံးကေသီနိုင်က “ရခိုင်ပြည်နယ်အတွင်းမှာ ကျွန်မတို့ UEHRD က ဆောင်ရွက်ထားတာတွေကို ပြည်တွင်းသတင်းဌာနတွေရော နိုင်ငံတကာသတင်းဌာနတွေကော သိအောင် UEHRD ရဲ့ Outreach Working Group က လိုအပ်ရင် လိုအပ်သလို သတင်းထုတ်ပြန်တာတွေ ၊ သတင်းဖလှယ်တာတွေ လုပ်ပါမယ်။ အဓိကက တော့ ဘာတွေဆောင်ရွက်တယ်။ ဘာတွေလုပ်ဆောင်တယ် ဆိုတာကို အသေးစိတ်ကျကျ သိအောင်နဲ့ ပြည်သူတွေရဲ့ လက်ထဲကို သတင်းအချက်အလက်တွေ သိအောင် ဖြန့်ဝေပေးဖို့ပါ။ UEHRD က ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်နေတဲ့ ဆောင်ရွက်သမျှ အားလုံးကို သိအောင် လုပ်ဖို့ဆိုတာ UEHRD ရဲ့ ရည်ရွယ်ချက် တစ်ခုထဲမှာ ပါပါတယ်” ဟုပြောသည်။ 

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGO နှင့် CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGO များပူးပေါင်းပါဝင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကို ၂၀၁၇ အောက်တိုဘာလ ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UEHRD ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ 

 

UEHRD သည် နိုင်ငံတော်အဆင့်လုပ်ငန်းများလက်တွေ့အကောင်းအထည်ဖော်နိုင်ရန် ဆောက်လုပ် ရေးနှင့်အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းအဖွဲ့၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့၊ အလုပ်အကိုင် ဖန်တီးရေးနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းများ စီစဉ်ဖွင့်လှစ်ရေး လုပ်ငန်းအဖွဲ့၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအဖွဲ့၊ အသေးစားငွေကြေး ထောက်ပံ့မှုလုပ်ငန်းအဖွဲ့ ၊ ဘဏ္ဍာငွေစုဆောင်ရေး လုပ်ငန်းအဖွဲ့ ၊ ခရီးသွားလုပ်ငန်း ကဏ္ဍမြှင့်တင်ရေး လုပ်ငန်းအဖွဲ့ နှင့် နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းအဖွဲ့  များကိုဖွဲ့စည်းထားသည်။ 

 

UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က “ UEHRD မှာ နှစ်ပိုင်းပါတယ်။ ကော်မတီလို့ ခေါ်တဲ့ အစိုးရတာဝန်ယူပြီး ဦးစီးတဲ့ နိုင်ငံတော်အဆင့် လုပ်ငန်းတွေ ရှိတယ်။ အဲ့ဒီလုပ်ငန်းတွေကို လက်တွေ့ အကောင်အထည်ဖော်တဲ့ ပုဂ္ဂလိကလုပ်ငန်းစဉ် အလုပ်အဖွဲ့ ( Task Force) ၁၀ ဖွဲ့ရှိတယ်။ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးရေးအတွက် အများကြီး ကြိုးစားတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရအောင်လည်း ကြိုးစားတယ်။ တလောက ရခိုင်ပြည်နယ် ငပလီမှာ လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပွဲဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လာရောက် အားပေးတယ်။ MoU တွေ ထိုးတယ်။ အခုဆိုရင် စက်ရုံ အလုပ်ရုံတွေ စစ်တွေမှာ တည်ထောင်ဖို့ရှိတယ်။ မြောက်ဦးမှာလည်း ပုံစံတွေ အမျိုးမျိုးလုပ်ဖို့ရှိတယ်။ ဒါက ဖွံ့ဖြိုးမှုပေါ့။ ပြန်လည်နေရာချထားဆိုရင်လည်း UEHRD စလုပ်ကတည်းက ကြိုဆိုရေး စခန်း နှစ်ခုရယ်၊ ပြန်လည်နေရာချထားရေး စခန်း တစ်ခုရယ်ကို ဆောင်ရွက်ပြီးပြီ။ အဆင်သင့်ပဲ။ ပြန်လာဖို့ပဲ လိုတာ။ လူသားချင်းစာနာ ထောက်ထားမှုကတော့ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်နေတာရှိတယ်” ဟုပြောသည်။ 

 

ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဆွေးနွေးပွဲသို့ UEHRD ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီ၏ Outreach Working Group မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

 

သတင်းစဉ်