ရန်ကုန်  ဇွန်  ၁၂

မြန်မာစံတော်ချိန်  ဇွန် ၂၉ ရက် (ဒေသစံတော်ချိန်  ဇွန် ၂၈ ရက်) တွင်   အမေရိကန်နိုင်ငံ၌ကျင်းပ မည့်     UFC-317   ပြိုင်ပွဲတွင်  မြန်မာဖိုက်တာ   ဂျိုရှုအာဗန်နှင့် အမေရိကန်ဖိုက်တာ    ဘရန်ဒန် ရွိုင်ဗယ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်  ဖြစ်သည်။

နာမည်ကြီး    တိုက်ခိုက်ရေးအဖွဲ့အစည်းဖြစ်သော   UFC  တွင် နိုင်ပွဲဆက်နေသည့်  မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် ဖလိုင်းဝိတ်တန်း အဆင့်သတ်မှတ်ချက် ထိပ်ဆုံးတွင် ရပ်တည်နေသည့် အမေရိကန် ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး  ၎င်းအတွက် အရေးပါသည့် ပွဲတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။  UFC ၏ ဖလိုင်းဝိတ်တန်း အဆင့်သတ်မှတ်ချက်တွင် အဆင့် (၁) နေရာ ရပ်တည်နေသည့် ဘရန်ဒန်ရွိုင်ဗယ်သည် ယခင်က အဆင့်(၆) နေရာတွင် ရပ်တည်နေသည့် ပေါ်တူဂီ ဖိုက်တာနှင့် ထိုးသတ်ရမည်ဖြစ်ပြီး ပြိုင်ဘက်ကစားသမား ဒဏ်ရာရပြီး နုတ်ထွက်ခဲ့သဖြင့် ဂျိုရှုအာဗန်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် မြန်မာစံတော်ချိန် ဇွန် ၈ ရက်က ဘရာဇီး ဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့်  ထိုးသတ်ထားရာ တစ်လအတွင်း နှစ်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး   ယင်းပွဲအနိုင်ရသဖြင့် UFC ဖလိုင်းဝိတ်တန်း အဆင့်သတ်မှတ်ချက်တွင် အဆင့် (၁၀) နေရာ ရောက်ရှိ လာသည်။

ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ်ကစားသမား ဘ၀ စုစုပေါင်း ၁၆ ပွဲထိုးသတ်ရာတွင် ၁၄ ပွဲနိုင်၊ နှစ်ပွဲ ရှုံးနိမ့်ထားပြီး UFC နှင့် ရှစ်ပွဲထိုးသတ်ရာတွင် ခုနစ်ပွဲ နိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။ ဂျိုရှုအာဗန် သည် UFC နှင့် နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။ ဘရန်ဒန်ရွိုင်ဗယ်သည် UFC နှင့် ၁၀ ပွဲ ထိုးသတ်ရာတွင်  ခုနစ်ပွဲ အနိုင်ရရှိထားပြီး ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၂၄ ပွဲထိုးသတ်ရာတွင် ၁၇ ပွဲအထိ အနိုင်ရထားသည်။

ညီမြတ်သော်တာ

ဓာတ်ပုံ-UFC