ရန်ကုန်၊ ၃ ဖေဖော်ဝါရီ
တဘူးလှဆည် ကျေးရွာချင်းဆက်လမ်းဖြစ်သော ဥက္ကံ-သကြားစက်လမ်းပိုင်းကို မြေသားလမ်းမှ ၁၆ ပေအကျယ်၊ ၉ လက်မထု ကွန်ကရစ်လမ်းအဖြစ် လမ်းပိုင်းအချို့ခင်းပြီးဖြစ်ရာ ကျန်ရှိသော ၃ မိုင် ၃ ဖာလုံ မြေသားလမ်းကို ကွန်ကရစ်လမ်းပိုင်းအဖြစ် ဖေဖော်ဝါရီလဆန်းပိုင်း၌ လုပ်ငန်း စတင်ဆောင်ရွက်နေကြောင်း EM-99 ကုမ္ပဏီမှသိရသည်။
ဥက္ကံမြို့မှ တဘူးလှဆည်ထိ ၁၇ မိုင် ၂ ဖာလုံအရှည်ရှိပြီး ပြည်လမ်းမှ သကြားစက်ထိ ၅ မိုင် ၂ ဖာလုံမှာ ကတ္တရာလမ်းဖြစ်ရာ ထိုနေရာမှ တဘူးလှဆည်တမံ-၁ ကျေးရွာထိ မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာ၌ ကျန်ရှိသော မြေသားလမ်း ၃ မိုင် ၃ ဖာလုံကို ယခုလဆန်းပိုင်းတွင် ၁၆ ပေအကျယ်၊ ၉ လက်မထုဖြင့် လုပ်ငန်းစတင်ရန်ပြင် ဆင်လျက်ရှိသည်။
ထိုလမ်းပိုင်းတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ယခင်က မိုးရာသီရွှံ့ဗွက်နှင့် နွေရာသီဖုန်ထူသော လမ်းဖြစ်သောကြောင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွား အခက်အခဲများ ရှိခဲ့ပြီး ၁၇ မိုင် ၂ ဖာလုံလမ်းပိုင်းကို ကွန်ကရစ်လမ်းခင်းရာ၌ ကျန်နေသော မြေသားလမ်း ၃ မိုင် ၃ ဖာလုံကို အများပြည်သူ သွားလာရေး အဆင်ပြေချောမွေ့စေရန် ဆက်လက် ခင်းကျင်းမည်ဖြစ်ရာ ထိုလမ်းပိုင်းတွင် ပေ ၂၀ တံတားနှစ်စင်း၊ ၁၅ ပေ တံတားတစ်စင်းနှင့် Box Culvert ၁၀ ခုကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး


