စံလွင် (ငါးဦးစီး)
ငါးရစ်ငါးဆိုတာက ငါးတစ်မျိုးရဲ့ အမည်နာမကို ဆိုလိုတာမဟုတ်ပါဘူး။ ငါးဥတွေ မျိုးရည်တွေရင့်မာပြီး မျိုးပေါက်ဖွားဖို့ရာ အသင့်ဖြစ်နေတဲ့ ငါးအထီး၊ ငါးအမများအားလုံးကို ခြုံငုံပြီး ငါးရစ်ငါးလို့ ခေါ်ကြတာပါ။ ငါးတွေ ငါးရစ်တက်တယ်ဆိုတာက မိုးဖြိုင်ဖြိုင်ရွာတဲ့အခါ မြစ်တွေ၊ ချောင်းတွေထဲက ငါးရစ်ငါးများဟာ ရေစီးကြောင်းအတိုင်း ရေတိမ်ကွင်းတွေ ရှိရာဘက်ကို မြူးထူးစွာ ဆန်တက်ကူးခပ်ပြီး ဥချပေါက်ဖွားဖို့ သွားကြတာကို ငါးရစ်တက်တယ်လို့ ဆိုပါတယ်။
ငါးမျိုးများ ရေရှည်တည်တံ့ရေး ထိန်းသိမ်းရမည်
ရှေးယခင်အခါကတော့ ဝါဆိုဝါခေါင် မိုးဖြိုင်ဖြိုင်ရွာတဲ့ ငါးရစ်တက်ချိန်ဆို မိုးရွာထဲမှာ လူးလိမ့်ကူးခပ်ပြီး ရေတိမ်ကွင်း တွေရှိရာဘက်ကိုသွားနေတဲ့ ငါးရစ်ငါးတွေဟာ လက်နဲ့ကောက်ယူလို့ရတဲ့အထိကို ပေါများပါသတဲ့။ ဒါပေမယ့် အမြော်အမြင် ရှိတဲ့ ရှေးလူကြီးတွေက သားသမီးတွေ ကောက်လာပြီး တောင်းတွေနဲ့ ရွက်လာတဲ့ ငါးရစ်ငါးတွေကို လောဘစိတ်နဲ့ အကုန်စားသုံး မပစ်စေပါဘူး။ ဒီငါးဟာဖြင့် စား... ဒီငါးတော့ဖြင့် ပြန်လွှတ်ပေးလိုက်ကြရယ်လို့ ခိုင်းပါသတဲ့။
ရည်ရွယ်ချက်က ငါးမျိုးတွေ ပြုန်းတီးမသွားရလေအောင် ငါးမျိုးတွေ ရေရှည်တည်တံ့အောင်၊ သားစဉ်မြေးဆက် စဉ်ဆက်မပြတ် စားသုံးနိုင်အောင် အမြင်ကျယ်ကျယ်ထားပြီး ပြန်လွှတ်ခိုင်းတာပါ။ အလားတူပါပဲ။ လယ်တွေ၊ ကွင်းတွေထဲမှာ ငါးရစ်ငါးတွေ ဥချသားပေါက်ထားတဲ့ ငါးလေးတွေဟာ တဖြည်းဖြည်းကြီးပြင်းလာပြီး ရေနည်းလာတဲ့သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာ မြစ်တွေ၊ ချောင်းတွေထဲကို သဘာဝ ကပေးတဲ့အသိနဲ့ ပြန်လည်ဆင်းသက်ကြပါတယ်။
ငါးမဖမ်းရကာလအဖြစ် သတ်မှတ်ထား
အဲဒီအချိန်မှာ ကွင်းတွေထဲက ပြန်လည်ဆင်းသက်လာ တဲ့ငါးတွေကို မြင်းဝန်းဆည်ကြီးတွေခံပြီး ဖမ်းယူကြပြန်ပါတယ်။ မြင်းဝန်းဆည်ဟာ ဝါးတွေယင်းကျစ်ပြီး ပြုလုပ်ထားတဲ့ ငါးဖမ်းကိရိယာ ဖြစ်ပါတယ်။ အဲဒီအခါမှာလည်း ရှေးလူကြီးတွေက ဝါးယင်းကို အစိတ်မကျစ်ဘဲ အချို့နေရာမှာ မတ်စေ့ထောင်ဆိုပြီး မတ်စေ့တစ်ပြားစာ အကျဲထားပြီး ဝါးယင်းကို ကျစ်စေ ပါသတဲ့။ အကြောင်းကတော့ ငါးတွေကို အကုန်အစင်မဖမ်းတဲ့ သဘော၊ ငါးမျိုးတွေကျန်အောင် ငါးအငယ်လေးတွေကို လွှတ်ပေးတဲ့သဘောပါ။
ငါးဆိုတာက ဥရှိမှ အကောင်ဖြစ်တာ၊ အသေးရှိမှ အကြီးဖြစ်တာမို့ မျိုးကျန်အောင် ချန်ပေးထားတဲ့သဘောပါ။ ငါးတွေဥချတဲ့ အချိန်မှာ ဥတွေနဲ့ ဖောင်းကားနေတဲ့ မျိုးပွားမယ့် မျိုးငါးကြီးတွေကို အကုန်အစင် ဖမ်းဆီးပစ်၊ စားသုံးပစ်လိုက်ရင် တဖြည်းဖြည်းနဲ့ ငါးမျိုးတွေ မျိုးသုဉ်းပြုန်းတီးကုန်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ငါးလုပ်ငန်းဦးစီးဌာနက “ဥနဲ့ ငါးကို ပွားစေလို... ငါးရစ်ဆို မဖမ်းနဲ့”၊ “ငါးရစ်ငါးသန် ဘေးမဲ့ချန်... ပုံမှန်စားသုံး မျိုးမသုဉ်း”၊ “ငါးရစ်တစ်ကောင် သုံးလရှောင်... ထောင်သောင်းတိုးပွား ရေရှည်စား” အစရှိတဲ့ ဆောင်ပုဒ်တွေ နဲ့ ငါးရစ်ငါးတွေကို တားမြစ်ကာလတွေမှာ မဖမ်းဆီးကြဖို့ရာ ပညာပေး ဆောင်ပုဒ်တွေ၊ ပညာပေးဇာတ်လမ်းတွေ ထုတ်ပြန် ဖြန့်ဝေထုတ်လွှင့်ပေးနေတာပါ။
ဒါ့အပြင် ငါးရစ်ငါးသန်ရာသီချိန်ဖြစ်တဲ့ မေ၊ ဇွန်၊ ဇူလိုင်လ တွေမှာ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ခွင့်ပြုချက်မှတစ်ပါး ငါးရစ် ငါးသန်ငါးများကို မဖမ်းဆီးကြဖို့ရာ အမိန့်ကြော်ငြာစာအမှတ် ၂/၉၂ ထုတ်ပြန်ပြီး တားမြစ်ထားပါတယ်။ ဖောက်ဖျက် ကျူးလွန်ခဲ့ရင် ရေချိုငါးလုပ်ငန်း ဥပဒေအရ ဖမ်းဆီးတရားစွဲဆို အပြစ်ပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ FAO စာရင်း မှတ်တမ်းအရ ရေချိုငါးမျိုးစိတ်ပေါင်း ၄၇၅ စိတ် ရှိပါတယ်။ ငါးမျိုးစိတ်အလိုက် မျိုးပေါက်ဖွားချိန် ကွာဟမှုအနည်းငယ် ကွဲပြားနိုင်သော်လည်း ငါးအများစုကိုအခြေခံပြီး ငါးမျိုးပွားချိန် ကာလကို သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်တစ်ခု
မြန်မာမှုနယ်ပယ်မှာ သုံးစွဲနေတဲ့ “ဓလေ့ထုံးတမ်း” တို့၊ “အစဉ်အလာ”တို့၊ “လူ့စည်း ဘီလူးစည်း” တို့ အစရှိတဲ့ စကား ရပ်တွေဟာ နယ်ပယ်အလိုက် လိုက်နာအပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဆိုလိုတာဖြစ်တယ်။ ဥပမာအားဖြင့် တောလိုက်၊ အမဲလိုက်တဲ့ မုဆိုးများဟာ ဇီးရှိနေတဲ့ သားကောင် (ကိုယ်ဝန်ဆောင်ထားသည့် သားကောင်) များကို ပစ်ခတ် သတ်ဖြတ်ခြင်း မပြုရဆိုတဲ့ အယူရှိပါတယ်။ အကယ်၍ ဖောက်ဖျက်ပြီး သတ်ဖြတ်ပစ်ခတ်ခဲ့ရင် တောမှောက်ခြင်း၊ တောခြောက်ခြင်းဆိုတဲ့ အန္တရာယ်ဆိုးတွေနဲ့ ကြုံပြီး နောက်ဆုံးအသက်ပါ သေဆုံးတဲ့အထိ ဒုက္ခတွေ့တတ်ပါတယ်။
အဲဒီလို ဇီးလွယ်ထားတဲ့ သားကောင်ကို အမဲလိုက်သတ်ဖြတ်ခြင်း မပြုရဆိုတဲ့ စည်းကမ်းချက်က ဘယ်မင်း၊ ဘယ်အစိုးရကမှ ဥပဒေထုတ်ပြန်ပြီး တားမြစ်ထားတာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ထားတာမို့ ပြေးလွှားရှောင်တိမ်းခြင်းကို ယခင်ကလို အလွယ်တကူ ရှောင်တိမ်းခြင်း မပြုနိုင်တဲ့ အခြေအနေမျိုးမှာ လူသားတွေမှာရှိအပ်တဲ့ စာနာထောက်ထားခြင်းဆိုတဲ့ အသိနဲ့ ချိန်ထိုးပြီး စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တစ်ခုအနေနဲ့ ပေါ်ပေါက်လာတာဖြစ်မယ်လို့ စဉ်းစားမိပါတယ်။
ရေချိုငါးများနည်းတူ အလားတူပါပဲ။ ရေငန်ငါး (ပင်လယ် ငါး) ဖမ်းဆီးခြင်း လုပ်ငန်းတွေမှာလည်း ငါးမဖမ်းရတဲ့ရာသီ (Closed Season)၊ ငါးဖမ်းခွင့် မပြုတဲ့နေရာ (Closed Area) ရယ်လို့ လအလိုက် သတ်မှတ်ပေးထားတာတွေ ရှိပါတယ်။ အဲဒီလို ကန့်သတ်ပေးထားတဲ့ အခါရာသီနဲ့ နေရာဒေသတွေက နိုင်ငံတကာမှာရှိတာပါ။ ငါးဖမ်းဆီးခွင့်ကာလ ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ပြန်ထားတဲ့ သတင်းတစ်ပုဒ်မှာ ရေလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များ ပြုန်းတီးမှုကို ကာကွယ်ဖို့ရာအတွက် ပင်လယ်ဝါနဲ့ တောင်တရုတ် ပင်လယ်ရေပြင်မှာ ဇွန် ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားပါသတဲ့။ အလားတူပါပဲ။ ရေချိုပိုင်းဒေသတွေမှာလည်း ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ပုလဲမြစ်အပါအဝင် ယင်းနဲ့ ဆက်စပ်နေတဲ့ မြစ်လက်တက်တွေ၊ ရေအိုင်တွေမှာပါ ငါးဖမ်းဆီးခွင့်ကို ပိတ်ပင်ထားကြောင်း သိရပါတယ်။
ငါးသယံဇာတများ လျော့ပါးလာ
မြန်မာနိုင်ငံမှာတော့ ပင်လယ်ပြင်မှာ ငါးမဖမ်းရကာလကို ၂၀၁၈ ခုနှစ်မှာ မေလ ၁၆ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့ အထိ သတ်မှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှု အခြေအနေက နော်ဝေ သုတေသနသင်္ဘော Dr. Fridit Jof Nansen ရဲ့ အစီရင်ခံစာအရ ရေပေါ်ငါး (Pelagic Fish) တည်ရှိမှု ပမာဏဟာ ယခင်တိုင်းတာခဲ့တဲ့ ကာလနဲ့ နှိုင်းယှဉ်ရင် ၉၀ ရာခိုင်နှုန်း လျော့နည်းနေပြီး ရေအောက်ငါး (Demersal Fish) တည်ရှိမှု ပမာဏဟာလည်း ၆၀ ရာခိုင်နှုန်း လျော့နည်းနေကြောင်း အဖြေထုတ်ပြန်ပေးထားတာကို သိရှိရပါတယ်။ လတ်တလော အခြေအနေမှာတော့ ရေချိုပိုင်းမှာ တရားမဝင် ငါးဖမ်းနည်းတွေနဲ့ ငါးဖမ်းနေတာကို အမြစ်ဖြတ် လျှော့ချနိုင် ခြင်းမရှိသေးသလို ရေငန်ပိုင်း ငါးသယံဇာတ တည်ရှိမှု အခြေအနေတွေဟာလည်း အနုတ်လက္ခဏာပြနေဆဲ အခြေအနေကိုသာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။
ဥပဒေအကြောင်းအရ မည်သို့ပင် ထုတ်ပြန်တားဆီး ကြပ်မတ်သော်လည်း အဓိကကျပြီး စောင့်ထိန်းလိုက်နာရန် တာဝန်ရှိဆုံးအပိုင်းက တိုက်ရိုက်ငါးဖမ်းဆီးသူ (User) တွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် ငါးမျိုးများ မျိုးသုဉ်း ပျောက်ကွယ်နိုင်တဲ့ ကျဉ်စက် (ဘက်ထရီ ရှော့တိုက်ငါးဖမ်းသည့်စနစ်)ကို တားမြစ်ငါးဖမ်းကိရိယာအဖြစ် ဥပဒေပြု သတ်မှတ် ထားပေမယ့်လည်း ပညာပေးကာလများ ကျော်လွန်လို့ နှစ် ၂၀ ခန့် ရှိလာသည့်တိုင် လျော့ပါးလာတာ မတွေ့ရပါဘူး။
ကြပ်မတ်ပြီး တိတိပပအရေးယူဖို့လို
လျော့ပါးမသွားတဲ့အပြင် တစ်နိုင်တစ်ပိုင်၊ တစ်ဦးတစ်ယောက်ချင်း စနစ်မှသည် လှေများပေါ်မှာ မီးစက်ကြီးများ တင်ကာ ကြီးကျယ်ခမ်းနားစွာဖြင့် ဘက်ထရီရှော့တိုက် ပွဲတော်ကြီးအလား ကျင်းပနေတာမျိုးတွေတောင် ရှိနေပါသေးတယ်။ အကျိုးဆက်ကတော့ ဘက်ထရီရှော့တိုက်ရင်း ဓာတ်လိုက်သေဆုံးတဲ့ သတင်းတွေကို နှစ်စဉ်လိုလို သတင်းစာတွေ၊ ဂျာနယ်တွေမှာ တွေ့မြင်ဖတ်ရှုနေရပါတယ်။ ဒါတင်သာမက တိုက်ရိုက်အကျိုးဆက်အနေနဲ့ အချို့သော ငါးမျိုးများ ရှားပါးပြုန်းတီး ပျောက်ကွယ်သွားခြင်း၊ ငါးဈေးနှုန်းများ မတန်တဆ ကြီးမားလာခြင်းများကို လက်တွေ့ရင်ဆိုင် ကြုံတွေ့ နေရတာပဲ ဖြစ်ပါတယ်။
ကုစားသည့် နည်းလမ်းတွေဖြစ်တဲ့ ငါးဖမ်းရာသီပိတ်သိမ်း ချိန်ကာလများမှာ လုပ်ငန်းနှင့် ဆက်နွှယ်နေသူများကို အလုပ် အကိုင် အခွင့်အလမ်းများ ရှာဖွေဖန်တီးပေးတာတို့၊ ငွေကြေးပစ္စည်းများ ထောက်ပံ့ပေးတဲ့ အစီအစဉ်တွေ ချမှတ်ပေးတာတို့ ပြုပေမယ့်လည်း အခြေခံစိတ်ဓာတ် နိမ့်ပါးနေသူများ ရှိနေလေတော့ ရလဒ်ကောင်းတွေရလာတာမတွေ့ရပါဘူး။ သို့ဖြစ်လေ တာမို့ ပြည်သူ့အားကိုသာ ဗဟိုပြုလို့ တစ်ဖက်ကလည်းဓမ္မစက် ဖြင့် ပညာပေး၊ တစ်ဖက်ကလည်း အာဏာစက်ဖြင့် ပြင်းပြင်း ထန်ထန်ကြပ်မတ်ပြီး တိတိပပအရေးယူနိုင်မှသာလျှင် သဘာဝ ရေသယံဇာတများ တဖြည်းဖြည်းလျော့ပါး ပျောက်ကွယ်လာ နေတဲ့အရေးက ကာကွယ်တားဆီးပေးနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆချက်ကို တင်ပြလိုက်ရပါတယ်။ ။