ဥပဒေ စည်းကမ်းကို လေးစားလိုက်နာ

၁၃ ဒီဇင်ဘာ

 

ယနေ့ကာလ အများပြည်သူတို့ကြား၌ ပြောဆိုဝေဖန် ခံစားမှုမြင့်မားသော ကိစ္စတစ်ခုမှာ မြို့ရွာများအတွင်း ကျယ်လောင်စွာဖွင့်ခဲ့ကြသော အသံချဲ့စက်၊ ဆောင်းဘောက်စ်သံများဖြစ်သည်။ ထိုအသံများမှာ ကောင်းသော အမှုတို့ကိုပြုကြရာမှ ပေါ်ထွက်လာသောအသံများဖြစ်၍ ပြောဆိုဝေဖန်၊ ဟန့်တားမှု ပြုလုပ်ရသည်မှာလည်း လွယ်ကူလှသည့် အလုပ်မဟုတ်ချေ။ သို့သော် ရပ်ရေး၊ ရွာရေးနှင့် အများပြည်သူအရေးတို့အကြား သင့်တင့်လျောက်ပတ်သည့် အဖြေတစ်ခုကို ရှာဖွေသင့်ပေသည်။

 

မြန်မာလူမျိုးများသည် ''ထမင်းကြမ်းကို ယပ်ခပ်စားတတ်သည့်လူမျိုး'' ဟု ရှေးကဆိုသကဲ့သို့ လူမချမ်းသာလျှင်ရှိစေ၊ ရပ်ရေး၊ ရွာရေး ကိစ္စရပ်များရှိလာပြန်လျှင် မနှေးအမြန် တက်ကြွစွာဖြင့် ဆောင်ရွက်တတ်ကြသူများ ဖြစ်ကြပါသည်။ ထိုမျှသာမက ပျော်ရွှင်စွာနေတတ်ကြသည့် လူမျိုးဖြစ်ပြီး ဆယ့်နှစ်ရာသီကာလပတ်လုံး ပွဲလမ်းသဘင်များ ကျင်းပလေ့ရှိသည့် မြန်မာနိုင်ငံ၌ ရပ်သူ၊ ရွာသားတို့သည် ထိုပွဲလမ်းသဘင်များတွင် ပျော်ရွှင် စွာဖြင့် ပါဝင်ဆင်နွှဲလေ့ရှိကြပါသည်။

 

ထိုသို့ဆင်နွှဲကြရာတွင် မပါမဖြစ်ပါရှိလာသည့်ပစ္စည်းမှာ အသံချဲ့စက် သို့မဟုတ် ဆောင်းဘောက်စ်တို့ပင် ဖြစ်သည်။ မကြာသေးမီရက်ပိုင်းအတွင်းက တန်ဆောင်တိုင် ကထိန်ပွဲ ဆင်နွှဲကျင်းပခဲ့ရာတွင် အဆိုပါ ပစ္စည်းများကို ပွဲတိုင်းပွဲတိုင်း အသုံးပြုခဲ့ကြပြီး အရပ်ဒေသနေရာအလိုက်သာမက မြို့ရွာများအတွင်း လှည့်လည်ဖွင့်လှစ်ခဲ့ကြသည်။ ထိုသို့ ဖွင့်လှစ်ရာတွင် သင့်တင့်လျောက်ပတ်သော စက်ပစ္စည်းများကို အသုံးပြုခြင်းထက် ပိုမိုအားကောင်း သောပစ္စည်းများဖြင့် အသံကုန်မြှင့်ကာ ဖွင့်လှစ်ခဲ့သောကြောင့် ပြည်သူလူထုကြားတွင် ဝေဖန်မှုများ မြင့်မားလာရခြင်းဖြစ်သည်။

 

သီချင်းများ၊ တီးလုံးများကို သံမြှင့်ဖွင့်လှစ်ကြခြင်းသည် ကုသိုလ်ရေး၊ ကုသိုလ်အမှုကိစ္စများဖြစ်၍ ပြောဆိုကန့်သတ်လိုမှုမှာ မလွယ်ကူသည် မှန်သော်လည်း ရပ်ရွာဥပဒေနှင့် အသံချဲ့စက် ဖွင့်လှစ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းသတ်မှတ်ချက်များကို လေးစားလိုက်နာဖို့ လိုမည်ဖြစ်သည်။ ဤအရေးမှာ ကောင်းသောအမှုဟု ဆိုသော်လည်း ရပ်ရွာများတွင် လူအမျိုးမျိုးအဖုံဖုံ နေထိုင်ကြသဖြင့် အများပြည်သူအရေးကိုလည်း ထည့်သွင်းစဉ်းစား လုပ်ဆောင်ကြဖို့လိုမည် ဖြစ်သည်။

 

အသံချဲ့စက်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရန်ကုန် ရဲအက်ဥပဒေနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များတွင် အတိအလင်း ပြဋ္ဌာန်းထားသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များတွင် ပုဒ်မ ၁၃၊ ပုဒ်မခွဲ() ပုဒ်မ ၁၈ တို့၌ အသံချဲ့စက်ဖွင့်ခွင့် တောင်းခံခြင်းကို စည်းကမ်းသတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊ ခွင့်ပြုမိန့်ရယူခြင်း၊ စည်းကမ်းလိုက်နာခြင်းတို့ ပါရှိသည်သာမက နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ပြစ်ဒဏ်သတ်မှတ်ချက် စသည်တို့ အပြည့်အစုံ ပါရှိသည်။

 

ထို့အပြင် ရန်ကုန် ရဲအက်ဥပဒေ ပုဒ်မ ၄၁(က) ပြဋ္ဌာန်းချက်အရ ခွင့်ပြုမိန့်မရှိဘဲ သို့မဟုတ် ခွင့်ပြုမိန့်တွင် ဖော်ပြထားသော စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာဘဲ အသံချဲ့စက်ကို အသုံးပြုလျှင် သို့မဟုတ် အသုံးပြုရန် ခွင့်ပြုလျှင် ငွေဒဏ်၊ ထောင်ဒဏ်များ သတ်မှတ်ထားသည်။ ထိုသို့ စည်းကမ်းများ၊ ဥပဒေများ သတ်မှတ်ပြဋ္ဌာန်း ထားပါသော်လည်း အစောပိုင်းကာလနှင့် ပြီးခဲ့သည့်ကာလများက အသံချဲ့စက်များကို စည်းကမ်းဥပဒေများ လိုက်နာမှုမရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသည်ကို ပြန်လည် သုံးသပ်ကြည့်ရမည် ဖြစ်သည်။

 

ရပ်ရွာဓလေ့ထုံးစံများမှာ မြန်မာတို့၏ ကုသိုလ်ယူစရာ၊ ပျော်ရွှင်ဖွယ်ရာ အစဉ်အလာများဖြစ်၍ ခွင့်ပြုသင့်၊ လုပ်ဆောင်သင့်သော ကိစ္စရပ်များဖြစ်ရာတွင် ရပ်ရွာနေ အများပြည်သူအားလုံး၏ အကျိုးငှာ သတ်မှတ် ပြဋ္ဌာန်းထားသော စည်းကမ်းဥပဒေတို့နှင့်အညီ လိုက်နာဆောင်ရွက်သင့်ပါသည်။ မျက်မှောက်ကာလမှာ ဒီမိုကရေစီခေတ်ကာလနှင့် ဆီလျော်စွာ လူထုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိရာ အသေးအဖွဲ ကိစ္စမှအစ ဥပဒေ စည်းကမ်းများနှင့်အညီ လေးစားလိုက်နာမှုရှိမှသာ မိမိတို့မျှော်မှန်းထားသော လူ့ဘောင်လောကကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။