နေပြည်တော် ၁ ဇွန်
ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များအား လမ်းညွှန်အမှာစကား ပြောကြားခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေအရာရှိ အဆင်-(အစမ်းခန့်)များကို စတင်ခန့်အပ်သည်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော်၌ သင်တန်း ၁ လခွဲ တက်ရောက်ရပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၌ သင်တန်း ၁ လခွဲ တက်ရောက်ရပါကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုကာလဖြစ်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော်၌ သင်တန်းပို့ချခြင်း မပြုဘဲ လုပ်ငန်းဝင် သင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်ရုံး ၆ ရုံးတွင် ခွဲဝေသင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း၊ ဥပဒေအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြသည့်အခါ စိတ်ဓါတ်၊ ခံယူချက်များ မှန်ကန်ကောင်းမွန်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းများနှင့် ဥပဒေအရာရှိကျင့်ဝတ်တို့ကို လေးစားလိုက်နာ၍ တာဝန်ဝတ္တရားများကိုကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက် ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုများကို တရားမစွဲမီ ဥပဒေအကြံပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း၊ တရားစွဲအဖွဲ့အစည်းများက ချုပ်မိန့် တောင်းခံလာသည့်အခါ ဥပဒေနှင့်ညီ မညီ စိစစ်ခြင်း၊ ပြင်ဆင်မှု၊ အယူခံမှု၊ ရုပ်သိမ်းမှု၊ ပိတ်သိမ်းမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် အစိုးရဌာန အဖွဲ့အစည်းများက ဥပဒေအကြံဉာဏ် တောင်းခံလာသည့်အခါ အကြံပေးခြင်းစသည့် တာဝန်များ ထမ်းဆောင်နိုင်ရန် ကြိုးစားလေ့လာ သင်ယူရမည်ဖြစ်ကြောင်း၊ အရည်အချင်းရှိသော ဥပဒေအရာရှိများဖြစ်ရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး ရမည်ဖြစ်ကြောင်း၊ မိမိတို့ တတ်ကျွမ်းသော ဥပဒေ ပညာဖြင့် အများပြည်သူအတွက် တရားမျှတမှုကို ဆောင်ရွက်ပေးနိုင်သော ဥပဒေအရာရှိ ကောင်းများဖြစ်ရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း မှာကြားသည်။
အခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်များ) တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


