နေပြည်တော် မတ် ၁၂
ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေး ဦးစီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း (Legal Advocacy Center) MOLA Lecture Hall သင်တန်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းကို ဥပဒေရေးရာ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော မဟာဗျူဟာစီမံကိန်း လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ဥပဒေအရာရှိကျင့်ဝတ်များနှင့် မျှတသောတရားစီရင်ရေးစံနှုန်း များနှင့်အညီ အမှုလိုက်ပါဆောင်ရွက်နိုင်ရန်၊ အထူးသဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး အမှု လိုက်ပါဆောင်ရွက်မှု ကျွမ်းကျင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ဘာသာရပ်များအနေဖြင့် စီမံ၊ ဘတ်ဂျက်၊ ငွေစာရင်း၊ Legal English၊ ရာဇသတ်ကြီး၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ အထူးနှင့် အထွေထွေဥပဒေ၊ သက်သေခံ အက်ဥပဒေ၊ တရားမကျင့်ထုံး ဥပဒေ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာလုပ်ငန်းများ၊ လက်တွေ့ အမှုလိုက်ပါ ဆောင်ရွက်ခြင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဌာနအကြီးအမှူးများက သက်ဆိုင်ရာ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပို့ချပေးမည်ဖြစ်ကြောင်း၊ အထူးပို့ချချက်များ အနေဖြင့် မှုခင်းဆေးပညာ၊ မှုခင်း စုံစမ်းထောက်လှမ်းခြင်း ပညာ (CID)တို့ကို ပို့ချပေးမည်ဖြစ် ကြောင်း၊ အမှတ်အများဆုံးရရှိသူ သင်တန်းသား သင်တန်းသူ သုံးဦးကို ဆုများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် တက္ကသိုလ်တွင် သင်ကြားခဲ့သော စာတွေ့များကို ယခုသင်တန်းတွင် ပို့ချပေးသည့် လက်တွေ့များနှင့် ပေါင်းစပ်ပြီး လုပ်ငန်းခွင် ဝင်ရောက်သည့်အခါ စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ကျွမ်းကျင်စွာ အမှုလိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးစားလေ့လာ သင်ယူကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် မတ် ၆ ရက်မှ ဧပြီ ၂၉ ရက်အထိ ဖြစ်ပြီး အသားတင် သင်တန်းပို့ချ ရက် ၃၇ ရက်နှင့် သင်တန်းချိန် ၂၅၉ ချိန်ဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


