နေပြည်တော်၊ မတ် ၇

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်စဉ်ကာလ၌ ဥပဒေဘာသာပြန် စာအုပ်အမှတ် (၉) မှ (၁၃) ထိ စာအုပ် (၅) အုပ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ စာအုပ်အမှတ် (၁၃) မှာ ဥပဒေ (၆) ခု၏ မြန်မာဘာသာပြန်ဆိုချက် စာမူများကို ကော်မရှင်၏အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် အတည်ပြုထုတ်ပြန်၍ ယခုလတ်တလော ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်ဖြစ်ကြောင်း။

ကော်မရှင် အစည်းအဝေးများတွင် ဆွေးနွေးခဲ့သည့် The Myanmar Stamp Act ၏ မြန်မာဘာသာ ပြန်ဆိုချက်စာမူအပေါ် စိစစ်အကြံပြုပေးနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ မေးမြန်းထားကြောင်း၊ အပြီးသတ်စိစစ်ဆောင်ရွက်ပြီး The Myanmar Stamp Act ၏ မြန်မာဘာသာ ပြန်ဆိုချက်စာမူကို အတည်ပြုထုတ်ပြန်ကာ ဥပဒေဘာသာပြန် စာအုပ်အမှတ် (၁၄) အဖြစ် ဆက်လက်ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း။

ယခုအစည်းအဝေးတွင် ဥပဒေ(၈)ခုဖြစ်သည့် The Hindu Disposition of Property Act (ဟိန္ဒူဘာသာဝင်များ၏ ပစ္စည်းစီမံခန့်ခွဲခြင်း အက်ဥပဒေ)၊ The Mussalman Wakf Act (မွတ်စလင် ဝါကပ်ဖ်အက်ဥပဒေ)၊ The Hindu Inheritance (Removal of Disabilities) Act (ဟိန္ဒူအမွေ ဆက်ခံခြင်း (ဆက်ခံခွင့်မရှိခြင်းကို ဖယ်ရှားရေး) အက်ဥပဒေ)၊ The Kazis Act (ကာဇစ်များဆိုင်ရာ အက်ဥပဒေ)၊ The Caste Disabilities Removal Act (အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ)၊ The Myanmar Passport Act (မြန်မာနိုင်ငံကူးလက်မှတ်အက်ဥပဒေ)၊ The Fatal Accidents Act (သေစေနိုင်သော မတော်တဆထိခိုက်မှုများအက်ဥပဒေ)၊ The Poisons Act (အဆိပ်အက်ဥပဒေ) တို့ကို ဆွေးနွေး အတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆိုချက်များ တည့်မတ်မှန်ကန်စေရေးအတွက် အားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များမှ အဖွဲ့ဝင်များက ဥပဒေဘာသာပြန်ဆိုချက်များ မှန်ကန်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ ယင်းအစည်းအဝေးကို ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်