၇ ဧပြီ

 

ဥပဒေစိုးမိုးရေးဆိုသည့် ကြွေးကြော်သံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတိုက်အခံ နိုင်ငံရေးပါတီဘဝကတည်းက ခိုင်ခိုင်မာမာရပ်တည်ခဲ့သော အဆိုဖြစ်ပါသည်။

 

 

ထို့ကြောင့်လည်း ပြည်သူ့အစိုးရအဖြစ် ရွေးချယ်ခံရသည့် အချိန်မှစ၍ ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ခဲ့သည်မှာ (၂) နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။

 

 

ဥပဒေစိုးမိုးရေးဆိုရာတွင် တရားစီရင်ရေး၊ ပြည်ထဲရေး၊ ဥပဒေပြုရေးစသည့် ကဏ္ဍအသီးသီးက ဝိုင်းဝန်းဆောင်ရွက် ထိန်းညှိရသည့်ကိစ္စဖြစ်ပါသည်။

 

 

ဥပဒေစိုးမိုးရေးတွင် ယိုယွင်းမှုများ၊ အားနည်းချက်များ ရှိနေသည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပြီဟူသော ထောက်ပြချက်များလည်းရှိနေပါသည်။

 

 

ယခင်ကာလများက ဖြစ်ပျက်ခဲ့သည်များနှင့်ပတ်သက်၍ အထူးတလည် မဝေဖန်၊ မှတ်ချက်မပေးလိုသော်လည်း ယနေ့ကာလ ပြည်သူ ့အစိုးရလက်ထက်တွင်မူ ပြည်သူတို့၏ ဝေဖန်ပြောဆိုမှုများကို အလေးအနက်ထားကာ ဖြေရှင်းရန်လိုပါမည်။ 

 

 

မှားယွင်းနေသည့်အမြင်များရှိလျှင် ကျေလည်အောင် ရှင်းပြရန်လိုသကဲ့သို့၊ ပြုပြင်သင့်သည်များရှိလျှင်လည်း ပြုပြင်ရမည်မှာ ပြည်သူ့အစိုးရ၏ တာဝန်ဖြစ်ပါသည်။

 

 

ယခုအစိုးရသက်တမ်း ဒုတိယ(၁)နှစ်တာကာလ သုံးသပ်ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အစီရင်ခံ တင်ပြချက်၌ ပြည်သူလူထုကို ဥပဒေအသိပညာပေးခြင်း၊ တရားရုံးသတင်းပြန်ကြားရေး အရာရှိများက မီဒီယာသမားတို့၏ မေးမြန်းချက်များကို ဖြေဆိုထိတွေ့ ဆက်ဆံခြင်းဖြင့် တရားရုံးများနှင့် စတုတ္ထမဏ္ဍိုင်အကြား နားလည်မှု တည်ဆောက်ရာတွင် တိုးတက်မှုများရှိခဲ့သည်ဟု သိရပါသည်။

 

 

ပြည်သူလူထုအကြား တရားမျှတမှု၊ တရားရေးအပေါ် ပြည်သူတို့ ယုံကြည်ကိုးစားမှု၊ ထိရောက်သောတရားစီရင်ရေးဖြစ်စေရန် မြှင့်တင်ဆောင်ရွက်မှုများကို အဓိကရည်ရွယ်ချက်အဖြစ် ထားရှိကြောင်းလည်း ဖော်ပြခဲ့ပါသည်။ ကြန့်ကြာနေသည့် အမှုစစ်ဆေးမှုများကို လျင်မြန်ပြေလည်စေရေးအတွက် ရှေ့ပြေးတရားရုံး အစီအစဉ်များဖြင့် ဆောင်ရွက်နေကြောင်း သိရပါသည်။

 

 

တရားရုံးများ၏ ဆောင်ရွက်မှုများကို ကျေနပ်အားရရှိသော်လည်း အပြည့်အဝအောင်မြင်ဖို့ ကြိုးစားသွားမည်ဟုလည်း အစီရင်ခံခဲ့ပါသည်။

 

အထူးသဖြင့်တော့ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များနှင့် သတင်းစာနယ်ဇင်း စတုတ္ထမဏ္ဍိုင်တို့ ဟန်ချက်ညီ ထိန်းသိမ်းနိုင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အားဖြည့်ဆောင်ရွက်မှုက ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသော ထောက်တိုင်များ ဖြစ်လိမ့်မည်ဟု တင်ပြလိုက်ရပါသည်။

 

မြန်မာ့အလင်း