ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ၂၈   နိုဝင်ဘာ

 

ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်၏ အချုပ်အခြာအာဏာများဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံး၍ အပြန်အလှန်ထိန်းကျောင်းခြင်းပြုပါကြောင်း၊ အဆိုပါဥပဒေပြုရေးအခန်းကဏ္ဍ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ၁၉၈၈ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်များ ရှေ့နေချုပ်ဥပဒေများအရ ဥပဒေများစိစစ်ခြင်း၊ ရေးဆွဲခြင်းတာဝန်ရှိခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီးနောက် ဥပဒေမူကြမ်းများ ရေးဆွဲတင်သွင်းခြင်းမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များတွင် လည်းကောင်း တာဝန်ရှိလာပါကြောင်း၊ ထို့အတူ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသည့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေတွင်လည်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ပေးပို့လာသော ဥပဒေမူကြမ်းများအပေါ် ဥပဒေအကြံဉာဏ်ပေးခြင်း တာဝန်ကိုသာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါကြောင်း။

 

သို့ဖြစ်ပါ၍ အစိုးရဌာနအဖွဲ့အစည်းများက ဥပဒေမူကြမ်းများကို ကနဦးစတင် ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက မူကြမ်းများအပေါ် စိစစ်အကြံပြုလျက်ရှိပါကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက မူကြမ်းရေးဆွဲရာတွင်လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများက စိစစ်အကြံပြုနိုင်ရန်အတွက် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအတွက်လည်းကောင်း ရည်ရွယ်ပြီး ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ် ထုတ်ဝေနိုင်ရေးကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့မိတ်ဆက်ဖြန့်ဝေမည့် လမ်းညွှန်စာအုပ်သည် ဥပဒေရေးထုံး ရေးနည်းများ၊ တစ်ဆင့်ခံဥပဒေရေးထုံးရေးနည်းများကို ဥပမာ၊ သာဓကများဖြင့် အသေးစိတ် ဖော်ပြထားသည့် စာအုပ်ဖြစ်၍ ဥပဒေပြုရေးတာဝန်ယူထားသည့် လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအတွက် လည်းကောင်း၊ အစိုးရဌာနအဖွဲ့အစည်းများအတွက် လည်းကောင်း၊ ဥပဒေအရာရှိများအတွက် လည်းကောင်း၊ ဥပဒေရေးဆွဲခြင်းပညာကို လေ့လာနေသူများအတွက် လည်းကောင်း အထောက်အကူပြုမည်ဖြစ်ပါကြောင်းနှင့် အဆိုပါလမ်းညွှန်စာအုပ်သည် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်သည့် ဥပဒေကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အထောက်အပံ့ တစ်ရပ်ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းစာအုပ်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥပဒေကြမ်းကော်မတီများ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဥပဒေရုံးများနှင့် ဦးစီးအရာရှိနှင့် အထက်ဥပဒေအရာရှိများအား ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဥပဒေချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာနအဖွဲ့အစည်းများမှ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ်နှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရသည်။

 

(သတင်းစဉ်)