(ကြေးမုံ အယ်ဒီတာ့အာဘော်)

စည်းကမ်း၊ဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်များသည် သက်ဆိုင်ရာနယ်ပယ်အားလုံးတို့နှင့် အများပြည်သူတို့လိုက်နာရန် ရေးဆွဲပြဋ္ဌာန်းထားသော လုပ်ထုံး၊လုပ်နည်း၊သတ်မှတ်ချက်များဖြစ်သည်။ သတ်မှတ်ချက်များတွင် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များသည် စတင်အသက်ဝင်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး စည်းကမ်းချက်များကိုမူ သိရှိမှတ်သားနားလည်နိုင်အားရှိပြီးနောက် လိုက်နာဆောင်ရွက်ကြရသည်။

ပြဋ္ဌာန်းထားသော ဥပဒေတို့ကို မလိုက်နာခြင်း၊ ဖောက်ဖျက်ခြင်း ပြုလုပ်သည်ရှိသော် ဥပဒေနှင့်အညီ တိုက်ရိုက်အရေးယူနိုင်ခွင့်ရှိသလိုရာဇဝတ်မှုကိစ္စမှလွဲ၍ အချို့လုပ်ငန်းကိစ္စများတွင် စီမံခန့်ခွဲရေးနည်းလမ်း များအရ အရေးယူခြင်းတို့ကို ပြုလုပ်နိုင်သည်။ အကယ်၍ အရေးယူရန်လုံလောက်သော ဖောက်ဖျက်ကျူးလွန်မှုများရှိနေပါက အပြစ်ပေးနိုင်ရန်ပြစ်မှုနှင့် ပြစ်ဒဏ်များကို အတိအကျပြဋ္ဌာန်းထားသည်။

ပြဋ္ဌာန်းထားသောဥပဒေများကို နည်းနည်းဖြစ်စေ၊များများဖြစ်စေ လေ့လာထားလျှင် အကျိုးရှိသည်။ ဖောက်ဖျက်ကျူးလွန်လျှင် မလွဲမသွေအရေးယူခံရမည်၊ ဖောက်ဖျက်ကျူးလွန်သူကို မည်သို့အရေးယူသည်ကိုသိရှိနားလည်မည်ဖြစ်သည်။ ဥပဒေကို မည်သူမျှ ဖောက်ဖျက်ခွင့်မရှိသလို မည်သူမျှလည်း ရှောင်လွှဲနိုင်ခွင့်မရှိချေ။ ဥပဒေအထက်တွင် မည်သူမျှမရှိ။ ဥပဒေသည် အားလုံးအတွက်  တန်းတူညီမျှဖြစ်ပြီး အားလုံးအတွက်အကာအကွယ်ဖြစ်ရမည်ဖြစ်သည်။

ဆိုင်ရာနယ်ပယ်အားလုံးတို့အတွက် သက်ဆိုင်ရာပြဋ္ဌာန်းထားသော ဥပဒေများကို အများပြည်သူနှင့် ဆိုင်ရာလူတို့ လိုက်နာရန်ဖြစ်သော်လည်း မလိုက်နာမှု၊ ပျက်ကွက်မှုများရှိကြသည်ကို တွေ့ရသည်။ထိုသို့ဖြစ်ရသည်မှာ ဥပဒေနှင့်အညီ တိကျစွာအရေးယူနိုင်မှုအပိုင်း၌ အားနည်းမှုသည် အဓိကအချက်ဖြစ်သည်ဟု ဆိုနိုင်သည်။ ပြဋ္ဌာန်းထားသောဥပဒေတို့ကို လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်လျှင် ကျူးလွန်မှုများလျော့ကျလာနိုင်သည်။

ဥပမာအားဖြင့် ကလေးသူငယ်ဥပဒေနှင့်ပတ်သက်၍ တစ်ချိန်သောကာလက ရန်ကုန်မှ နယ်ခရီးဝေးသွားလျှင်ဖြစ်စေ၊ ပုဂံဘုရားဖူးသွားလျှင်ဖြစ်စေ အချို့ဘူတာ၊အချို့ဘုရားဖူးလမ်း၌ မုန့်ပဲသရေစာ၊  ငွေအသပြာ တောင်းယူကြသော ကလေးငယ်များ၊ ခရီးသွားယာဉ်၊ ရထားပေါ်မှ စွန့်ကြဲပေးသည်ကို အလုအယက်ကောက်ယူခဲ့ကြသော ကလေးငယ်များ ရှိခဲ့ဖူးသည်။ အမှန်တွင် ၎င်းကလေးငယ်များသည် တောင်းရမ်းစားသောက်သူသက်သက်မဟုတ်၊ အခြေအနေအကြောင်းကြောင်းကြောင့် တောင်းရမ်း စားသောက်သူများဘ၀ ရောက်သွားခြင်းဖြစ်သည်။

ယခုအခါပုဂံ-ကျောက်ပန်းတောင်းဘုရားဖူးလမ်း၌တောင်းရမ်းစားသောက်သူကလေး၊လူကြီးများကိုမတွေ့ရတော့ချေ။ပပျောက်သွားသော အကြောင်းရင်းမှာ   ထိုလမ်းတစ်လျှောက်တွင် တောင်းရမ်းနေသောကလေးများ၏ အုပ်ထိန်းသူမိဘများကိုလည်းကောင်း၊  ပုဂံဘုရားယဉ်ကျေးမှုနယ်မြေအတွင်း နိုင်ငံခြားခရီးသွား ဘုရားဖူးဧည့်သည်များထံမှ  တောင်းရမ်းသောကလေးသူငယ်များ၏ အုပ်ထိန်းသူမိဘများကိုလည်းကောင်း ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေပုဒ်မ - ၆၆(ဂ)အရ တရားစွဲဆိုပြီး ဥပဒေပါအတိုင်း ထိရောက်သောပြစ်ဒဏ် ချမှတ်နိုင်သော ကြောင့်ဖြစ်သည်။

သို့ဖြစ်ရာ မိမိကိုယ်ကျိုးစီးပွားအတွက် ကလေးသူငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိဘအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်တောင်းရမ်း စားသောက်နေသည်ကို တားမြစ်ရန်ပျက်ကွက်ခြင်း၊ မိမိက တောင်းရမ်း စားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုလျှင်ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်ခံရနိုင်သည်ကို သိမြင်နားလည်ဆောင်ရွက်နိုင်ခြင်းကြောင့် ယင်းအမှုများ ပပျောက်သွားသည်ဖြစ်ရာ အလားတူနှင့်အခြားအမှုများတွင်လည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် စနစ်တကျ စီမံဆောင်ရွက်နိုင်ခြင်းဖြင့် အမှုများလျော့နည်းကျဆင်းသွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း။   ။