ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (အာမေးနီးယားနိုင်ငံ)

 

ရိုး(တောင်ပေါ်မြေ)

နိဒါန်း

အာမေးနီးယားသမ္မတနိုင်ငံသည် ကော့ကေးဆပ် (Caucasus) နှင့် ယူရေးရှား (Eurasia) ဒေသ ဖြစ်သော အနောက်တောင်အာရှနှင့် အရှေ့ဥရောပ တို့ကြား၌ရှိပြီး အာရှတိုက်၏ အရှေ့မြောက်ဘက် စွန်းကို မျက်နှာမူလျက်တည်ရှိသော ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏အရှေ့ဘက်တွင် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် တူကီယဲနိုင်ငံ၊ တောင်ဘက်တွင် အီရန်နိုင်ငံနှင့် အဇာဘိုင်ဂျန်၏ နာ့ခ်ချီဗန်ပြည်နယ်၊ မြောက်ဘက် တွင် ဂျော်ဂျီယာ သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၈၀၀ (ပေ ၅၉၀၀ ) တွင်ရှိပြီး ဧရိယာ အကျယ်အဝန်း ၂၉၇၄၃ စတုရန်းကီလိုမီတာ (၁၁၄၈၃ စတုရန်းမိုင်) အကျယ်အဝန်းရှိပါသည်။ နိုင်ငံ၏မြို့တော်မှာ ယေရေဗန်မြို့ (Yerevan) ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ရှိထား သော စာရင်းအရ လူဦးရေသန်းပေါင်း ၂ ဒသမ ၉၆ သန်းကျော် ရှိပါသည်။

အစိုးရဖွဲ့စည်းမှု

သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ် သည်။ နိုင်ငံတော်သမ္မတအား အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်ရပြီး နိုင်ငံတော်သမ္မတ၏ သက်တမ်းမှာ ခုနစ်နှစ်ဖြစ်သည်။

အစိုးရသည် အုပ်ချုပ်ရေးအာဏာ၏ အမြင့်ဆုံးအဖွဲ့ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေများဖြင့် သတ်မှတ်ထားသည်။ ပြည်နယ်အစိုးရ အဖွဲ့များ သို့မဟုတ် အခြားသောဒေသန္တရ ကိုယ်ပိုင် အစိုးရအဖွဲ့များသို့ အပ်နှင်းထားသော အုပ်ချုပ်ရေး အာဏာလုပ်ပိုင်ခွင့်များမှလွဲ၍ အုပ်ချုပ်ရေးအာဏာနှင့်စပ်လျဉ်းသည့် ကိစ္စရပ်အားလုံးသည် အစိုးရ၏ လက်အောက်တွင်ရှိသည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ်အများစုက ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ်လောင်းအား နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။ ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော် သမ္မတက ဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများကို ခန့်အပ်သည်။ ဝန်ကြီးချုပ်သည် အစိုးရ၏အဓိက မူဝါဒလမ်းညွှန်ချက်များကို ဆုံးဖြတ်ခြင်း၊ အစိုးရ၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲခြင်းနှင့် အစိုးရ အဖွဲ့ဝင်များ၏လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်သည်။

လွှတ်တော်ဖွဲ့စည်းမှု

အမျိုးသားလွှတ်တော်သည် ဥပဒေပြုရေး အာဏာကို အကောင်အထည်ဖော် ဆောင်ရွက်ရ သည့် ပြည်သူများ၏ ကိုယ်စားလှယ်ဖြစ်သည်။ အမျိုးသားလွှတ်တော်သည် အုပ်ချုပ်မှုအာဏာကို ကြီးကြပ်ကွပ်ကဲရပြီး နိုင်ငံတော်၏ဘဏ္ဍာငွေအရ အသုံးစာရင်းများကို ရေးဆွဲခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသော အခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသည်။ အမျိုးသားလွှတ်တော်တွင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၀၁ ဦးနှင့် ဖွဲ့စည်းထားပြီး အချိုးကျကိုယ်စားပြု စနစ် (Proportional Representation System) ဖြင့် ရွေးကောက်တင်မြှောက်သည်။ အမျိုးသားလွှတ်တော်၏ သက်တမ်းမှာ ငါးနှစ် ဖြစ်သည်။

ရွေးကောက်ပွဲသမိုင်း

အာမေးနီးယားနိုင်ငံ၌ ပါလီမန်ရွေးကောက်ပွဲများကို ၁၉၁၉ ခုနှစ်အထိ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပြီး နောက်နှစ်တွင် ဆိုဗီယက်ယူနီယံက နိုင်ငံကိုသိမ်းယူသောအခါ ပထမဆုံး သမ္မတနိုင်ငံ ပြီးဆုံးခဲ့ပြီး ၁၉၉၅ ခုနှစ်အထိ ပါတီစုံရွေးကောက် ပွဲများကို ထပ်မံကျင်းပနိုင်ခြင်း မရှိခဲ့ပါ။

အာမေးနီးယားနိုင်ငံ၏ ၁၉၉၅ ရွေးကောက်ပွဲ ဥပဒေတွင် ဥပဒေပြုလွှတ်တော်အမတ် နေရာ ၁၉၀ အား ကိုယ်စားပြုရန် ပြဋ္ဌာန်းထားသည်။ လွှတ်တော် အမတ်နေရာ ၁၅၀ နေရာကို ပထမအကြိမ်တွင် မဲ ၂၅ ရာခိုင်နှုန်းရရှိရန်လိုအပ်သော နှစ်ကျော့ပြိုင်စနစ် (Two-round system) ဖြင့် ရွေးကောက် တင်မြှောက်ပြီး ကျန်လွှတ်တော်အမတ်နေရာ ၄၀ ကို နိုင်ငံရေးပါတီကိုသာ ရွေးချယ်မဲပေးနိုင်သော ပါတီအချိုးကျကိုယ်စားပြုမှုစနစ် (Party -list Proportional Representation System) အသုံးပြု ကာ ရွေးကောက်တင်မြှောက်ခြင်းဖြစ်သော (Mixed-member Majoritarian System) ဖြင့် ရွေးကောက်တင်မြှောက်သည်။

အာမေးနီးယားနိုင်ငံ၌ အောက်ပါရွေးကောက်ပွဲများကို ကျင်းပပါသည် -

(က) သမ္မတရွေးကောက်ပွဲများ

() လွှတ်တော်ရွေးကောက်ပွဲများ

() ဒေသန္တရရွေးကောက်ပွဲများ

(ဃ) ဆန္ဒခံယူပွဲများ။

၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအပြီးတွင် အငြင်းပွားဖွယ်ဖြစ်ရသည့် အာမေးနီးယား၏ အစိုးရစနစ်ကို သမ္မတစနစ်မှ ပါလီမန်စနစ်သို့ ပြောင်းလဲခဲ့ပြီး ရွေးကောက်ပွဲစနစ်အား (Mixed-member Majoritarian system) မှ ပါတီအချိုးကျ ကိုယ်စားပြုစနစ် (Party - List Proportional Representation System) သို့ ပြောင်းလဲခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲစနစ် အပြောင်းအလဲများလုပ်ဆောင်ပြီးနောက် ၂၀၁၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ပါလီမန်ရွေးကောက်ပွဲ ကို ပထမဆုံးကျင်းပခဲ့ပါသည်။

ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှု

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ ကော်မရှင်ဥက္ကဋ္ဌသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကြီးကြပ် ကွပ်ကဲပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်သည်။ ဥက္ကဋ္ဌ၏လက်အောက်တွင် ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ရှိပါသည်။

ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးသည် အစည်းအဝေးများ ကျင်းပခြင်းအပါအဝင် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး၊ လွယ်ကူ ချောမွေ့စေရေးတို့အတွက် လုပ်ဆောင်ရသည်။ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ဥပဒေနှင့်အညီ သိမ်းဆည်းခြင်း၊ စနစ်တကျ စီမံခန့်ခွဲခြင်းများကိုလည်း လုပ်ဆောင်ရသည်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၊ ရွေးကောက်ပွဲလေ့လာသူများနှင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အခြားသူများအတွက် ရွေးကောက်ပွဲ ကော်မရှင်မှ ပြုလုပ်သောသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရန်ဆောင်ရွက်ပေးရသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းများအပြင် စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင် သည့် စာရင်းစစ်လုပ်ငန်းများကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးရပါသည်။

ဗဟိုနှင့် အဖွဲ့ခွဲများ ဖွဲ့စည်းပုံ

“အာမေးနီးယား သမ္မတရွေးကောက်ပွဲဆိုင်ရာ RA ဥပဒေ” အရ အာမေးနီးယား ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် အောက်ဖော်ပြပါအတိုင်း ရွေးကောက်ပွဲကော်မရှင် ကို အဆင့်သုံးဆင့်ဖြင့် ဖွဲ့စည်းစီမံခန့်ခွဲသည်။

၁။ အာမေးနီးယားသမ္မတနိုင်ငံ၏ ဗဟို ရွေးကောက်ပွဲကော်မရှင်

၂။ ခရိုင်နှင့် မြူနီစီပယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်များ

၃။ ရပ်ကွက်အဆင့် ရွေးကောက်ပွဲကော်မရှင်များ။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကို ဖွဲစည်းပုံ အခြေခံဥပဒေအရ အောက်ပါအတိုင်းဖွဲ့စည်းသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ခုနစ်ဦး ပါဝင်သည်။ သတ်မှတ်အရည် အချင်းနှင့်ပြည့်မီသော ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်ပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ အနည်းဆုံး ဆန္ဒမဲအရေ အတွက် ငါးပုံသုံးပုံ ထောက်ခံမဲရရှိရမည်ဖြစ်သည်။ ကော်မရှင်၏ သက်တမ်းကာလမှာ ခြောက်နှစ်ဖြစ်သည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးက နှစ်ကြိမ်ထက်ပို၍ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရပါ။ သတ်မှတ်ပညာအရည်အချင်းနှင့် ကိုက်ညီသူ မည်သူ မဆို ဗဟိုရွေးကောက်ပွဲကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ တာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်း ဗဟိုရွေးကောက်ပွဲ အဖွဲ့ဝင်များသည် ပါတီဝင်ဖြစ်ခြင်း သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရပါ။ လူထုဟောပြောပွဲများတွင် နိုင်ငံရေး အရ သတ်မှတ်ထားသည့်အတိုင်းသာ ဆောင်ရွက်ရ မည်။ ပြဋ္ဌာန်းချက်တစ်ခုခုအား ချိုးဖောက်ပါက ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၏ လုပ်ပိုင် ခွင့်များကို ရပ်ဆိုင်းရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းငါးပုံသုံးပုံမှ ထောက်ခံပါက အမျိုးသားလွှတ်တော်က ဗဟိုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၏ လုပ်ပိုင်ခွင့်များကို ရပ်ဆိုင်း မည်ဖြစ်ပါသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် အတွက် ဗဟိုရွေးကောက်ပွဲကော်မရှင်က ဘဏ္ဍာ ငွေများကို နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေသုံးစွဲသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် စွမ်းရည် မြှင့်သင်တန်းများကို ပို့ချပေးခြင်းနှင့် ရွေးကောက်ပွဲ ဆိုင်ရာအဖွဲ့အစည်းများအတွက် စည်းမျဉ်း စည်းကမ်းများကိုလည်း သတ်မှတ်ပေးပါသည်။ ရွေးကောက်ပွဲကော်မရှင်များ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲလေ့လာသူများအတွက် လုပ်ငန်း လမ်းညွှန်များကိုလည်း ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ရလဒ်များထုတ်ပြန်ပြီး သုံးလအတွင်း ဗဟို ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ သို့မဟုတ် ခန့်အပ်တာဝန်ပေးသည့် အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဥပဒေပြင်ဆင်ခြင်းတို့ကို အမျိုးသားလွှတ်တော်သို့ ပေးပို့ရပါသည်။ ရွေးကောက်ပွဲဥပဒေများ ပိုမိုကောင်းမွန်ပြည့်စုံ လာစေရန် ဗဟိုရွေးကောက်ပွဲကော်မရှင်သည် အစိုးရထံ အယူခံဝင်နိုင်သည်။

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းမှုနှင့် ပြင်ဆင်မှုများ

ရွေးကောက်ပွဲဥပဒေကို အပိုင်းသုံးပိုင်း၊ အခန်း ၃၁ ခန်း၊ ပုဒ်မပေါင်း ၁၄၅ ခုဖြင့် ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲဥပဒေများကို အကြိမ်ကြိမ်ပြင်ဆင် ချက်များ ပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။ နောက်ဆုံးပြင်ဆင်ထားသည်မှာ ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖြစ်သည်။

လက်ရှိကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေမူဘောင်များ

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက် တင်မြှောက်ပါသည်။ မဲအရေအတွက် အနည်းဆုံး ၁၀၁ မဲ ရရှိရမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့် သတ်မှတ်နိုင်သည်။ ပါတီတစ်ခုချင်းစီအတွက် မဲအရေအတွက် ငါးရာခိုင်နှုန်း ရရှိရမည်ဖြစ်ပြီး ပါတီများ စုပေါင်းထားသော မဟာမိတ်ပါတီများ အတွက် မဲအရေအတွက် ခုနစ်ရာခိုင်နှုန်းကို (d’Hondt) နည်းလမ်းဖြင့် ခွဲဝေသတ်မှတ်ပါသည်။ သို့ရာတွင် တတိယအကောင်းဆုံးပါတီ သို့မဟုတ် မဟာမိတ်အဖွဲ့၏ စွမ်းဆောင်နိုင်မှု မည်သို့ပင် ရှိစေကာမူ နိုင်ငံရေးအုပ်စု အနည်းဆုံးသုံးဖွဲ့သည် လွှတ်တော်ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များကို အမျိုးသား မဲခွဲဝေမှုနည်းစနစ်ကို အသုံးပြု၍ ပါတီများသို့ ခွဲဝေ ပေးသည်။ အမျိုးသားလူနည်းစုများ (အာရှုရိ၊ ကာ့ဒ်၊ ရုရှနှင့် ယာဇီဒီများ) အတွက် လွှတ်တော်ကိုယ်စား လှယ် နေရာများကို သီးသန့်ခွဲဝေထားရှိသည်။ ကျား/မ ခွဲတမ်းတစ်ခုအတွက် ကျား/မ တစ်ဦးစီ၏ အနည်းဆုံး ကိုယ်စားလှယ်လောင်း ၃၃ ရာခိုင်နှုန်း ပါဝင်ရန်လိုအပ်သည်။

ပါတီတစ်ခုသည် မဲအများစုရရှိသော်လည်း အမတ်နေရာ၏ ၅၄ ရာခိုင်နှုန်းမရရှိပါက ၎င်းတို့ စုစုပေါင်း၏ ၅၄ ရာခိုင်နှုန်းကို ထပ်ပေါင်း ဖြည့်ပေးသည်။ အကယ်၍ ပါတီတစ်ခုသည် အမတ်နေရာရရှိမှု သုံးပုံနှစ်ပုံထက်ကျော်လွန်ပါက သတ်မှတ်ထားသော အရေအတွက်အောက် လျော့နည်းရရှိသော ပါတီများသို့ အနိုင်ရပါတီ၏ အမတ်နေရာများကို ခွဲဝေပေးအပ်သည်။ ပဏာမ မဲရလဒ်များ ထွက်ပေါ်ပြီး ခြောက်ရက်အတွင်း အစိုးရမဖွဲ့နိုင်ပါက မဲအများဆုံးရရှိထားသော ထိပ်သီးပါတီ နှစ်ရပ်အတွက် ၂၈ ရက်မြောက် နေ့တွင် ရွေးကောက်ပွဲကို ဒုတိယအကြိမ် ထပ်မံ ကျင်းပပေးရမည်။ ပထမအကြိမ်တွင် ရရှိထားသော အမတ်နေရာများကို ဆက်လက်ထိန်းသိမ်းထားပြီး ၅၄ ရာခိုင်နှုန်းထက် ကျော်လွန်၍ မဲအများဆုံးရရှိ သောပါတီအား အနိုင်ပေးအပ်မည်ဖြစ်သည်။

နိုင်ငံရေးပါတီများ

၂၀၂၁ ခုနှစ် ဇွန်လအထိ အာမေးနီးယားနိုင်ငံ၏ တရားရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၁၀၀ ရှိပါသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းသတ်မှတ်ချက်

အသက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံသားဖြစ်သူ၊ နိုင်ငံ၌လွန်ခဲ့သည့် ငါးနှစ်အတွင်း အမြဲတမ်းနေထိုင် ခဲ့သူဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

မဲဆန္ဒရှင်

မဲပေးသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီးသော အာမေးနီးယားနိုင်ငံသားများသည် မဲပေးပိုင်ခွင့်ရှိသည်။ မှတ်ပုံတင်မရှိသော နိုင်ငံသားများသည် ဒေသန္တရရွေးကောက်ပွဲရှိ မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး ရွေးကောက်ပွဲနေ့မတိုင်မီ အနည်းဆုံး ခြောက်လခန့် မဲစာရင်းတွင် ပါဝင်နိုင် ရေး မှတ်ပုံတင်ထားရှိရသည်။ မှတ်ပုံတင်ခြင်း မရှိသော နိုင်ငံသားများသည် အာမေးနီးယား ရွေးကောက်ပွဲ ဆိုင်ရာဥပဒေနှင့်အညီ သတ်မှတ်ထား သည့် နောက်ဆက်တွဲမဲဆန္ဒရှင်များ စာရင်းတွင် ပါဝင်ပါက ရွေးကောက်ပွဲများ၌ မဲပေးရာတွင် ပါဝင် ခွင့်ရှိမည်ဖြစ်သည်။

ဆန္ဒမဲပေးခြင်း

ရွေးကောက်ပွဲကျင်းပသည့်နေ့ နံနက် ၈ နာရီ အချိန်တွင် မဲရုံကို စတင်ဖွင့်လှစ်ပြီး ည ၈ နာရီ အချိန်တွင် မဲရုံပိတ်သည်။ ဆန္ဒမဲ ပေးရာတွင် မဲဆန္ဒရှင်များသည် Fingerprint system စက်များဖြင့် မဲဆန္ဒရှင်အချက်အလက်များ ကို ထည့်သွင်းထားသောစက်တွင် လက်ဗွေနှိပ်၍ မဲလက်မှတ်များပါသော စာအိတ်ကို ထုတ်ယူရသည်။ စာအိတ်ထဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပါတီ ကိုယ်စားပြုမဲစာရွက်များပါရှိပြီး လျှို့ဝှက်ဆန္ဒပြု ခန်း၌ မိမိမဲပေးလိုသော ပါတီကိုယ်စားပြုစာရွက် တစ်ရွက်ကိုသာ ရွေးချယ်၍ စာအိတ်အတွင်းထည့် ကာ ၎င်းစာရွက်အား မဲပုံးထဲသို့ထည့်ရသည်။ ကျန်မဲ စာရွက်များအား လျှို့ဝှက်ဆန္ဒမဲပေးခန်းအနောက် ရှိ အမှိုက်ပုံးထဲသို့ စွန့်ပစ်ရသည်။ ထို့ပြင် နိုင်ငံပြင်ပ ရောက်နေသော မဲဆန္ဒရှင်များအတွက်လည်း Electronic voting စနစ်ဖြင့် ကြိုတင်မဲပေးနိုင်သည်။

ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံအတွင်း၌ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ နိုင်ငံပိုင်မီဒီယာများနှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်သည် ဥပဒေအရ မိမိတို့အတွက် သတ်မှတ်ပေးထားသည့် နေရာများတွင်သာ နေရာ ယူရမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ လျှို့ဝှက်စွာမဲပေး ခွင့်ကို မထိခိုက်စေဘဲ မဲပေးခြင်းလုပ်ငန်းစဉ်ကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်သည်။

ရွေးကောက်ပွဲရလဒ်များရေတွက်ခြင်း၊ ကြေညာခြင်း

ဆန္ဒမဲပေးသည့်နေ့တွင် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်အရေအတွက်အား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ ၁၁ နာရီ၊ ၁၄ နာရီ၊ ၁၇ နာရီနှင့် ၂၀ နာရီအချိန်များတွင် တင်ပြရမည်ဖြစ်ပါသည်။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များသည် အဆိုပါ အချက်အလက်များကို ဗဟိုရွေးကောက်ပွဲကော်မရှင် သို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြရသည်။ ဆန္ဒမဲပေးသည့်နေ့တွင် ဗဟိုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲအချက်အလက်များကို သုံးနာရီလျှင် တစ်ကြိမ်ထုတ်ပြန်ရသည်။

ဆန္ဒမဲများကို မဲရုံပိတ်သည့် ည ၈ နာရီ အချိန်တွင် မဲရုံတာဝန်ခံများနှင့် ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံများက ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများရှေ့တွင် မဲပုံးများကို ဖွင့်ဖောက်၍ မဲရေတွက်ခြင်းအား ပြုလုပ်သည်။ ဆန္ဒမဲပေးရာတွင်ပါဝင်သည့် မဲဆန္ဒရှင်အရေအတွက် ဆိုင်ရာအချက်အလက်များကို ထုတ်ပြန်ပြီးနောက် ကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ရွေးကောက်ပွဲ ဆိုင်ရာနယ်မြေအလိုက် ကြေညာပြီး၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ မဲရလဒ်များကို ထုတ်ပြန်ရသည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ

အာမေးနီးယားနိုင်ငံ၌ သမ္မတရွေးကောက်ပွဲများကို ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် လည်းကောင်း၊ လွှတ်တော်ရွေးကောက်ပွဲများကို ၁၉၉၉ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် လည်းကောင်း ကျင်းပခဲ့ပါသည်။

၂၀၂၁ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲ

အာမေးနီးယားနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သောလွှတ်တော်ရွေးကောက်ပွဲကို မူလက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် ကျင်းပပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ၂၀၂၀တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေးပဋိပက္ခ အကျပ်အတည်းများကြောင့် ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် စော၍ကျင်းပခဲ့ပါသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက် အရ ထိုရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပေါင်း ၂၅၇၈၆၇၈ ဦးရှိပြီး နိုင်ငံတစ်ဝန်းတွင် မဲရုံပေါင်း ၂၀၀၈ ရုံရှိသည်။ ရွေးကောက်ပွဲတွင် ပါတီ ၂၁ ပါတီနှင့် မဟာမိတ်လေးဖွဲ့မှ ကိုယ်စား လှယ်လောင်း ၂၅၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဲဆန္ဒရှင် စုစုပေါင်း ၁၂၈၁၁၇၄ ဦး၊ မဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ၄၉ ဒသမ ၄ ရာခိုင်နှုန်း မဲပေးခဲ့သည်။

ညနေပိုင်းတွင် ဗဟိုရွေးကောက်ပွဲကော်မရှင်အကြီးအကဲ Tigran Mukuchyan သည် ပဏာမ မဲရလဒ်များကိုကြေညာခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း Pashinyan ၏ Civil Contract ပါတီသည် ထောက်ခံမဲ ၅၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမျိုးသား လွှတ်တော်တွင် ၇၂ နေရာဖြင့် ဦးဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၁၆ နေရာလျော့နည်းကာ သမ္မတဟောင်း Robert Kocharyan ၏ Armenia Alliance က ၂၇ နေရာနှင့် ၁၈ ဒသမ ၈ ရာခိုင်နှုန်း ရရှိခဲ့သည်။ တတိယနိုင်ငံရေးပါတီအင်အားစုမှာ “I Have Honor Alliance” ပါတီဖြစ်ပြီး ၅ ဒသမ ၂၃ ရာခိုင်နှုန်းနှင့် ခြောက်နေရာရရှိခဲ့သည်။

နိဂုံး

 အာမေးနီးယားနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်သည် အချိုးကျကိုယ်စားပြု စနစ်ဖြစ်သောကြောင့် လူနည်းစုမျိုးနွယ်များ အတွက်သာမက လွှတ်တော်တွင် ပါတီတစ်ခုတည်းမှ နေရာများစွာ ရရှိမည်မဟုတ်သောကြောင့် မျှတ သောစနစ်ဖြစ်သည်။ ထို့ပြင် ဥပဒေအရ လွှတ်တော်တွင် အနည်းဆုံးနိုင်ငံရေးအင်အားစု သုံးခု မဖြစ် မနေပါဝင်ရန် သတ်မှတ်ထားသောကြောင့် ပါတီ တစ်ခုတည်းမှ လွှတ်တော်တွင် ကြီးစိုးခြယ်လှယ်နိုင် သည့် အခြေအနေများကိုလည်း ကာကွယ်တားဆီး ထားသည်။

ရွေးကောက်ပွဲနှင့်သက်ဆိုင်သော ဥပဒေများကို လည်း ပြင်ဆင်ရန်လိုအပ်ပါက ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲများကျင်းပ၍ လိုအပ်သလိုပြင်ဆင်ပြဋ္ဌာန်း သော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ရွေးကောက်ပွဲ ကော်မရှင်သည်လည်း ၎င်းတို့၏လုပ်ပိုင်ခွင့်များကို တိကျစွာလုပ်ဆောင်လျက်ရှိပြီး စွမ်းဆောင်ရည် ပြည့်ဝကာ တရားမျှတ၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပလျက်ရှိ ကြောင်း လေ့လာတွေ့ရှိရပါသည်။ ။