ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (မလေးရှားနိုင်ငံ)

 

ရှင်ကုကူး

 

နိဒါန်း

 

မလေးရှားနိုင်ငံသည်  အရှေ့တောင်အာရှတွင် တည်ရှိသော ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်သည်။ တောင်တရုတ်ပင်လယ်သည် မလေးရှားနိုင်ငံ၏ အဓိကနယ်မြေနှစ်ခုဖြစ်သော ကျွန်းဆွယ် မလေးရှားဒေသနှင့် အရှေ့မလေးရှားဒေသတို့ကို အညီအမျှ  ပိုင်းခြားထားသည်။ ကျွန်းဆွယ် မလေးရှားသည် ထိုင်းနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ်၊ ပင်လယ်ပြင် နယ်နိမိတ်ထိစပ်လျက်ရှိကာ  စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊  အင်ဒို နီးရှားနိုင်ငံတို့နှင့်လည်း ပင်လယ်ပြင်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ အရှေ့မလေးရှားမှာမူ ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ပင်လယ်ပြင် နယ်နိမိတ်၊ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက်ရှိကာ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့် ပင်လယ်ပြင်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မလေးရှားသည် အီကွေတာမျဉ်း၊ လတ္တီတွဒ် ၁ ဒီဂရီနှင့် ၇ ဒီဂရီ မြောက်ဘက်နှင့် လောင်ဂျီတွဒ် ၁၀၀ ဒီဂရီနှင့် ၁၁၉ ဒီဂရီ အရှေ့မလေးရှားတွင် ဧရိယာ ၃၂၉၉၆၀ ဒသမ ၂၂ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၂၄၄၇၃၅၈ သန်းခန့်ရှိသည်။

 

အစိုးရဖွဲ့စည်းမှု

 

နိုင်ငံတော်အကြီးအကဲမှာ ဘုရင်မင်းမြတ်ဖြစ်၍ အစိုးရအကြီးအကဲမှာ ဝန်ကြီးချုပ်ဖြစ်သည်။ အောက်လွှတ်တော် (Dewan Rakyat) နှင့် အထက်လွှတ်တော် (Dewan Negara) ၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ဦးဆောင်သော အမှုဆောင်အဖွဲ့၊ တရားစီရင် ရေးမဏ္ဍိုင် စသည်ဖြင့် ခွဲခြားသတ်မှတ်ထားသည်။ အစိုးရအမျိုး အစားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စည်းမျဉ်းခံဘုရင် စနစ် ဖြစ်သည်။

 

အာဏာခွဲဝေကျင့်သုံးမှု

 

မလေးရှားနိုင်ငံသည် စည်းမျဉ်းခံရွေးကောက်ခံဘုရင်စနစ်ရှိသော ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ဖက်ဒရယ်နိုင်ငံလည်းဖြစ်သည်။ မလေးရှားနိုင်ငံ အာဏာသုံးရပ်ကို အောက်ပါဇယားအတိုင်း ခွဲဝေကျင့်သုံးပါသည် -

 

mdn

 

လွှတ်တော်ဖွဲ့စည်းမှုနှင့် လွှတ်တော်သက်တမ်း

 

မလေးရှားနိုင်ငံသည် ၁၉၄၈ ခုနှစ် ဗြိတိသျှလက်အောက်သို့ ကျရောက်နေစဉ်ကတည်းကပင် ဥပဒေပြု ကောင်စီဖက်ဒရယ်စနစ်ကို အသုံးပြုခဲ့ကြသည်။ မလေးရှားဥပဒေပြုလွှတ်တော်သည် West-minster စနစ်အပေါ်တွင် အခြေခံ၍ဆောင်ရွက်သည်။ မလေးရှားနိုင်ငံတွင် Dewan Rakyat (အောက်လွှတ်တော် သို့မဟုတ် မလေးဘာသာဖြင့် People's Hall) နှင့် Dewan Negara (အထက်လွှတ်တော် သို့မဟုတ် မလေးဘာသာဖြင့် Nation's Hall) ဟူ၍ လွှတ်တော်နှစ်ရပ် ရှိသည်။ Dewan Rakyat (အောက်လွှတ်တော်) ကိုယ်စားလှယ်များကို ပါလီမန်အမတ်များအဖြစ် လူသိများကြပြီး Dewan Negara (အထက် လွှတ်တော်) အဖွဲ့ဝင်များကို အထက်လွှတ်တော်အမတ်များဟု ခေါ်ဝေါ် သုံးစွဲကြသည်။

 

အထက်လွှတ်တော်

 

အထက်လွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း ၇၀ ရှိသည်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ (အောက်လွှတ်တော်) က ရွေးချယ်တင်မြှောက်ထားသူ ၂၆ ဦးနှင့် နိုင်ငံတော်အကြီးအကဲမှ ခန့်အပ်သူ ၄၄ ဦးတို့ဖြင့် ဖွဲ့စည်းထားရှိသည်။ လွှတ်တော်သက်တမ်းမှာ သုံးနှစ်ဖြစ်သည်။

 

အောက်လွှတ်တော်

 

အောက်လွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း ၂၂၃ ဦးရှိသည်။ ရွေးကောက်ပွဲကျင်းပ၍ ပြည်သူများက တိုက်ရိုက်ရွေးကောက် တင်မြှောက်သည်။ တစ်ဦးကို သီးခြားခန့်အပ်သည်။ လွှတ်တော် သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။

 

ရွေးကောက်ပွဲသမိုင်း  ကျင်းပသည့် ရွေးကောက်ပွဲများ

 

အောက်လွှတ်တော် ကိုယ်စားလှယ်များအတွက် အထွေထွေရွေးကောက်ပွဲများကိုလည်းကောင်း၊ လစ်လပ်ကိုယ်စားလှယ်နေရာများ ပေါ်ပေါက်လာပါက ကြားဖြတ်ရွေးကောက်ပွဲများကိုလည်းကောင်း အသီးသီး ကျင်းပပေးသည်။

 

ရွေးကောက်ပွဲစနစ်

 

မလေးရှားနိုင်ငံတွင် မဲများသူအနိုင်ရသည့်စနစ်ဖြစ်သည့် First Past The Post စနစ်ကို ကျင့်သုံး၍ အောက်လွှတ်တော် ကိုယ်စားလှယ် များကို ပြည်သူများက တိုက်ရိုက်ရွေးကောက် တင်မြှောက်သည်။

 

ရွေးကောက်ပွဲများတွင် ဖြစ်ပွားခဲ့သည့်ထူးခြားဖြစ်စဉ်များ

 

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲသည် မလေးရှားနိုင်ငံ၏ နိုင်ငံရေး အသိုက်အဝန်း၌ အကြီးမားဆုံးသော ပြောင်းလဲမှုတစ်ခုဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်အတိုက်အခံတစ်ခုဖြစ်သည့် Pakatan Harapan (PH) ညွန့်ပေါင်းအဖွဲ့သည် Sabah Heritage Party (WARISAN) နှင့်အတူ အောက်လွှတ်တော်တွင် ပါတီနှစ်ခုပေါင်း ၁၂၁ နေရာကို အနိုင်ရရှိခဲ့သည်။ ထိုသို့ ကိုယ်စားလှယ်နေရာ အများ အပြားရရှိမှုသည် မလေးရှားနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အာဏာရပါတီကို ရွေးကောက်ပွဲအပြီးမှာ ဖြုတ်ချနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ Barisan Nasional (BN) ညွန့်ပေါင်း အဖွဲ့သည် မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၅၇ ခုနှစ်ကတည်းက နိုင်ငံအပေါ် အစဉ်တစိုက် အုပ်ချုပ်လာခဲ့ရာမှ ယခုရွေးကောက်ပွဲအပြီး၌ အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သည်။ PH ၏ ခေါင်းဆောင် ဖြစ်သူ Mahathir Mohamad သည် ယခင်က မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲအပြီး တစ်ရက် အကြာ မေ ၁၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၉၃ နှစ်ရှိပြီဖြစ်သော မဟာသီယာ သည် ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်ခံအစိုးရအကြီးအကဲလည်း ဖြစ်လာခဲ့သည်။ Najib ဦးဆောင်သော Barisan Nasional (BN) သည် ကိုယ်စားလှယ်နေရာ ၇၉ နေရာကို ရယူထားပြီး ကိုယ်စားလှယ် နေရာ ၁၈ နေရာ အနိုင်ရထားသော Gagasan Sejahtera (GS) နှင့် အတူ ဖက်ဒရယ် အတိုက်အခံသစ် ဖြစ်လာခဲ့သည်။ United Sabah Alliance (USA) က အမတ်နေရာ သုံးနေရာရရှိခဲ့ပြီး တစ်သီးပုဂ္ဂလ နိုင်ငံရေးသမားများက သုံးနေရာ အနိုင်ရခဲ့သည်။ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲသည် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၌ အဆိုးရွားဆုံး နိုင်ငံရေး အရှုပ်အထွေးများထဲမှ တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံခဲ့ရသည်။

 

ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှု၊ ဗဟိုနှင့် အဖွဲ့ခွဲများဖွဲ့စည်းပုံ

 

မလေးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကို ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၄ အရ ၁၉၅၇ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်အတွင်း ရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်နှစ်ဦးသာ ပါဝင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကော်မရှင်အဖွဲ့ဝင်ဦးရေ သုံးဦးအထိ တိုးမြှင့်ခဲ့သည်။ နောက်ထပ် အဖွဲ့ဝင်သည် Sabah သို့မဟုတ် Sarawak ပြည်နယ်မှဖြစ်ပြီး အလှည့်ကျဖြင့် ခန့်အပ်ခြင်းခံရသည်။ ၁၉၈၁ ခုနှစ်တွင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁၄ အရ ဒုတိယဥက္ကဋ္ဌကို ခန့်အပ်တာဝန် ပေးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် လူခုနစ်ဦးအထိ တိုးမြှင့်အတည်ပြုခဲ့သည်။ ဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယဥက္ကဋ္ဌ တစ်ဦးနှင့် Sabah နှင့် Sarawak တို့မှ အဖွဲ့ဝင် တစ်ဦးစီအပါအဝင် အဖွဲ့ဝင်ငါးဦးစီ ပါဝင်သည်။ ၎င်းတို့၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်က အတွင်းရေးမှူးတစ်ဦး ဦးဆောင်သော အတွင်းရေးမှူးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။ အတွင်းရေးမှူးသည် အတွင်းဝန်ရုံးတွင် စီမံခန့်ခွဲရေးမှူးအဖြစ် ဆောင်ရွက်သည်။

 

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းမှုနှင့် ပြင်ဆင်မှုများ

 

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်စနစ်များကို ပြန်လည်သုံးသပ်ရန် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မတီ (ERC) ကို အစိုးရက ERC သည် အားလုံးအတွက် “လွတ်လပ်၊ တရားမျှတပြီး သန့်ရှင်းသော ရွေးကောက်ပွဲများကို အခြေခံ၍ ဒီမိုကရေစီစနစ် အားကောင်း ခိုင်မာလာစေရန် အခြားဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်များကို လေ့လာမည်ဖြစ်သည်။ ERC ၏ ရည်ညွှန်း စည်းကမ်းချက်များတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွင်ပါဝင်သည့် အခြားဥပဒေ များကို ပြန်လည်သုံးသပ်ခြင်း၊ လူမှုရေးစနစ်နှင့် လျော်ညီသော ရွေးကောက်ပွဲ စနစ်တစ်ခုဖန်တီးရန် လိုအပ်ကြောင်း ပြန်လည်သုံးသပ်ခြင်းအပြင် ရွေးကောက်ပွဲဥပဒေတစ်ရပ် ဖန်တီးရာတွင် နိုင်ငံတကာရွေးကောက်ပွဲ စီမံခန့်ခွဲမှု စံနှုန်းဆိုင်ရာ အကြံပြုချက်များလည်း ပါဝင်သည်။

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန်နှင့် ထိန်းညှိရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို အာဏာပေးအပ်ရန်၊ ဥပဒေ တစ်ရပ်ထူထောင်ရန် လိုအပ်ကြောင်း အထူးကော်မတီက ပြန်လည် သုံးသပ်ရန် ဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များ

 

မလေးရှားနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေ (၁၉၅၈ ခုနှစ်)၊ ရွေးကောက်ပွဲ ကျူးလွန်မှုများအက်ဥပဒေ (၁၉၅၄ ခုနှစ်)၊ ရွေးကောက်ပွဲကျင့်ဝတ် (၁၉၈၁ ခုနှစ်)၊ မဲဆန္ဒရှင်များ မှတ်ပုံတင် ခြင်းနည်းဥပဒေ (၂၀၀၂ ခုနှစ်) နှင့် စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆိုင်ရာ စည်းမျည်းများ (၂၀၀၃ ခုနှစ်) တို့ကို အခြေခံ၍ ရွေးကောက်ပွဲများကို ကျင်းပလျက်ရှိသည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ

 

ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းသည့်နေ့တွင် နံနက် ၉ နာရီမှ ၁၀ နာရီကြားတွင် ကိုယ်စားလှယ်လောင်းများ၊ အဆို ပြုသူများ သို့မဟုတ် ထောက်ခံသူများ သို့မဟုတ် သုံးဦးစလုံးထံမှ အဆိုတင်သွင်းလွှာများကို စီမံခန့်ခွဲရေးအရာရှိက တစ်ကြိမ်တည်း လက်ခံရမည်ဖြစ်သည်။ အမည်စာရင်းတင်သွင်းခြင်းပုံစံ မိတ္တူ သုံးစောင်အပြင် ကိုယ်စားလှယ်လောင်းများ၊ အဆိုပြုသူများ သို့မဟုတ် ထောက်ခံသူများအနေဖြင့် အောက်လွှတ်တော် ကိုယ်စားလှယ်များအတွက် ကိုယ်စားလှယ်လောင်းများအတွက် ပုံစံ-(၅) ဖြစ်သည့် ရွေးကောက်ပွဲအာမခံငွေနှင့် Statutory Account Form တို့ကိုလည်း ထည့်သွင်းရမည်ဖြစ်သည်။ ဤပုံစံများကို တံဆိပ်ခေါင်းခွန်ရုံးတွင် တံဆိပ်တုံးထုထားရန် လိုအပ်သည်။ စီမံခန့်ခွဲရေးအရာရှိသည် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသူများကို ကြေညာပေးမည်။ လျှောက်ထားသူတစ်ဦးတည်းသာ အရည်အချင်းပြည့်မီပါက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေစရာမလိုဘဲ စီမံခန့်ခွဲရေး အရာရှိက အနိုင်ရရှိသူအား ကြေညာမည်ဖြစ်သည်။

 

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး

 

ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များသည် ပိုစတာတပ်ဆင်ခြင်း၊ မိန့်ခွန်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခြင်း များပါဝင်သည့် မဲဆွယ်စည်းရုံးမှုများ စတင်နိုင်သည်။ ဤမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို မဲပေးသည့်နေ့မတိုင်မီ သန်းခေါင် ၁၂ နာရီအချိန်တွင် ရပ်တန့်ရပါမည်။ မဲဆွယ်စည်းရုံးရေး ရည်ရွယ်ချက်အတွက် ကိုယ်စားလှယ်လောင်းများသည် လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးပစ္စည်း စပေါ် ငွေ RM 5,000 နှင့် လွှတ်တော်ရွေးကောက်ပွဲများအတွက် RM 3,000 ပေးဆောင်ရမည်ဖြစ်သည်။ ပိုစတာများတပ်ဆင်ရာတွင်လည်း ဒေသဆိုင်ရာအာဏာပိုင်များထံ ငွေအမြောက်အမြား ပေးဆောင်ရမည် ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများကို လေးပွင့်ဆိုင်ဆွေးနွေးပွဲများ လုပ်ခွင့်ရရန် ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ

 

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၉ ကို အခြေခံ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများမှာ -

 

(က) မလေးရှားနိုင်ငံသားများ၊

( ခ ) အသက် ၂၁ နှစ်ပြည့်ပြီးသူ၊

( ဂ )  နိုင်ငံအတွင်း အခြေချနေထိုင်သူ (အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လူနေအိမ်လိပ်စာရှိ ခြင်း) တို့ဖြစ်သည်။

 

မဲဆန္ဒရှင်အမျိုးအစားကို သာမန်မဲဆန္ဒရှင်များနှင့် ကြိုတင်ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူများဟူ၍ နှစ်ပိုင်းခွဲထားသည်။ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများမှာ တပ်မတော်သားများ၊ တပ်မတော်သားများ ၏ မိသားစုဝင်များ၊ Reserve Volunteer Police Force အဖွဲ့ဝင်များ မှလွဲ၍ အခြားရဲများ၊ စစ်ဆင်ရေး တပ်ဖွဲ့ရဲ၏ မိသားစုဝင်များ၊ နိုင်ငံရပ် ခြားတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရပ်ခြား တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များ၊ နိုင်ငံခြားတွင် အချိန်ပြည့် ပညာသင်ကြားနေသော ကျောင်းသားများနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်များဖြစ်ကြသည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ မဲဆန္ဒရှင်စာရင်းအသစ် ပြုစုခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ မလေးရှား ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံသားဖြစ်ခွင့် စိစစ်ရေးနှင့် လူနေအိမ်လိပ်စာ အချက်အလက်အပါအဝင် အမျိုးသားမှတ်ပုံတင်ရေး ဌာနမှ ရရှိထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များအပေါ် အခြေခံ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အရည်အချင်းနှင့် ကိုက်ညီသောသူ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားများအား မဲစာရင်းထဲ၌ ထည့်သွင်း ပြုစုသည်။ မဲဆန္ဒရှင်တစ်ဦး၏ မဲဆန္ဒနယ်သတ်မှတ်ချက်သည် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ နောက်ဆုံးနေထိုင်သည့် လိပ်စာကို အခြေခံထားသည်။ မဲဆန္ဒရှင်အသစ်များအဖြစ် မှတ်ပုံတင်ထားသည့် နိုင်ငံသားများသည် အထွေထွေ သို့မဟုတ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်မရသေးမီ လစဉ်ဖြည့်စွက် မဲဆန္ဒရှင်စာရင်းတွင် အလို အလျောက် ထည့်သွင်းထားရသည်။ မဲဆန္ဒရှင်များသည် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနတွင် ၎င်းတို့၏ နေရပ်လိပ်စာကို ဦးစွာလက်ရှိ နေရပ်အတိုင်း ကိုက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

 

အထက်ဖော်ပြပါ အမျိုးအစား ရှစ်မျိုးမှ မည်သူမဆို သို့မဟုတ် မလေးရှားနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ မည်သူမဆို ပုံမှန် မဲဆန္ဒရှင် အမျိုးအစားအောက်တွင် မှတ်ပုံတင်ရန် မဲဆန္ဒရှင်အဆင့်/ အမျိုး အစား ပြောင်းလဲမှုအတွက် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

 

မဲဆန္ဒရှင်ဆိုင်ရာအချက်အလက်များကို ပြောင်းလဲရန်နှင့် မဲဆန္ဒရှင်အမျိုးအစားလျှောက်လွှာများကို အောက်ပါလမ်းကြောင်း များမှ တင်သွင်းနိုင်သည် -

 

၁။ အွန်လိုင်းလင့်ခ် https://myspr.spr.gov.my ;

၂။ SPR ဌာနချုပ်၊

၃။ နိုင်ငံတစ်ဝန်းရှိ ပြည်နယ်ရွေးကောက်ပွဲရုံးများ၊

၄။ နိုင်ငံတစ်ဝန်းရှိ စာတိုက်များနှင့်

၅။ အစီအစဉ် Outreach SPR

အထွေထွေ သို့မဟုတ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်သည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် အရည်အချင်းပြည့်မီကြောင်း ထောက်ခံချက်မရရှိမီ ပုံစံ A မှတစ်ဆင့် လက်ခံရရှိသည့် ရွေးကောက်ပွဲ ဆိုင်ရာ ပြောင်းလဲမှုလျှောက်လွှာအားလုံးကိုစိစစ်ပြီး ပြန်လည်သုံးသပ် မည်ဖြစ်သည်။

 

ဆန္ဒမဲပေးခြင်း

 

ဆန္ဒမဲပေးရာတွင် သတ်မှတ်ထားသောမဲပေးသည့်နေ့၌ မဲဆန္ဒရှင် စာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်များသည် သတ်မှတ်ထားသောမဲရုံများ တွင် မဲပေးကြရမည်။ ယေဘုယျအားဖြင့် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသောမဲပေးချိန်သည် မလေးရှားကျွန်းဆွယ်တစ်လျှောက် နံနက် ၈ နာရီမှ ညနေ ၆ နာရီကြားနှင့် Sabah နှင့် Sarawak တို့တွင် နံနက် ၇:၃၀ နာရီမှ ညနေ ၅:၃၀ နာရီအထိဖြစ်သည်။ သို့သော်လည်း လုံခြုံရေးအကြောင်းပြချက်များနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မဲပေးချိန်တိုတောင်းသည့်နေရာများ အထူးသဖြင့် Sabah နှင့် Sarawak တို့တွင်လည်း အများအားဖြင့် မဲရုံတစ်ခုထက်မက ရှိတတ်သည်။ မဲရုံမှူးကဦးဆောင်ပြီး မဲရုံအဖွဲ့ဝင် နှစ်ဦးမှ လေးဦးအထိ ကူညီဆောင်ရွက်ပေးသည်။

 

တပ်မတော်သားများနှင့် အိမ်ထောင်ဖက်များ၊ ရဲဝန်ထမ်းများနှင့် မိသားစုဝင်များဖြစ်သည့် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ကြိုတင်ဆန္ဒမဲပေးရန် သတ်မှတ်ထားသည့်နေ့တွင် မဲပေးကြရမည် ဖြစ်သည်။ စာတိုက်မှ ဆန္ဒမဲပေးရန် အရည်အချင်းပြည့်မီသော မဲဆန္ဒရှင်များအတွက် စာတိုက်မှတစ်ဆင့် မဲလက်မှတ်များကို ပေးပို့သွားမည်ဖြစ်သည်။ သို့သော်လည်း အမှတ်အသား ပြုထားသည့် စာတိုက်မှ မဲလက်မှတ်များအားလုံးကို မဲဆန္ဒပေးသည့်နေ့ ညနေ ၅ နာရီထက် နောက်မကျစေဘဲ စီမံခန့်ခွဲရေးအရာရှိက ပေးပို့ရမည် ဖြစ်သည်။

 

ရွေးကောက်ပွဲရလဒ်များရေတွက်ခြင်းနှင့် ကြေညာခြင်း၊ တရားဝင် မဲရေတွက်ခြင်း

 

မဲပေးခြင်းလုပ်ငန်းစဉ်ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် မဲရုံအကြီးအကဲသည် မဲလက်မှတ်များကို ရေတွက်မည်ဖြစ်သည်။ ဤမဲရေတွက်မှုရလဒ် များကို ပုံစံ ၁၄ တွင် ထည့်သွင်းပေးမည်ဖြစ်သည်။ ပုံစံ ၁၄ အားလုံးကို တရားဝင်မဲစုစုပေါင်းပြုလုပ်ရန် စီမံခန့်ခွဲရေးအရာရှိထံ ပေးပို့မည်ဖြစ်သည်။ ဤပုံစံ ၁၄ ကို စစ်ဆေးပြီးနောက် အုပ်ချုပ်မှုအရာရှိသည် မှန်ကန်ကြောင်းတွေ့ရှိပါက အများသူငါ တစ်ဦးချင်းထံသို့ အသိပေး ကြေညာမည်ဖြစ်ပြီး သံသယရှိပါက ပုံစံ ၁၃ ဖြင့် ထပ်မံစစ်ဆေးရမည် ဖြစ်သည်။

 

ရွေးကောက်ပွဲရလဒ်ကြေညာခြင်း

 

ပုံစံ ၁၄ နှင့် ၁၅ တို့ကို ဖြည့်စွက်ပြီးသည့်နောက် သီးခြားမဲအများစု ရရှိသည့် ကိုယ်စားလှယ်လောင်းအား ရွေးကောက်ပွဲဆိုင်ရာအုပ်ချုပ်မှု အရာရှိကကြေညာပြီး သက်ဆိုင်ရာမဲဆန္ဒနယ်၏ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် အတည်ပြုမည်ဖြစ်သည်။ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သော မည်သည့်ပါတီမဆို ရွေးကောက်ပွဲတရားရုံးတွင် ရွေးကောက်ပွဲ အသနားခံစာ တင်သွင်းနိုင်သည်။

 

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ

 

မလေးရှားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများကို ၁၉၅၅ ခုနှစ်မှ စ၍ ကျင်းပခဲ့ပြီး ၁၉၅၉ ခုနှစ်၊ ၁၉၆၄ ခုနှစ်၊ ၁၉၆၉ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၈ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၆ ခုနှစ်၊ ၁၉၉၀ ပြည့်နှစ်၊ ၁၉၉၅ ခုနှစ်၊ ၁၉၉၉ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် အသီးသီးကျင်းပခဲ့သည်။

 

နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲ

 

(၁၅) ကြိမ်မြောက် မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့သည်။ မလေးရှားနိုင်ငံ ၏ (၁၅) ကြိမ်မြောက် ကျင်းပမည့်လွှတ်တော်အတွက် ကိုယ်စားလှယ် နေရာ ၂၂၂ နေရာအတွက် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် Pakatan Harapan (PH) ပါတီက ကိုယ်စားလှယ်နေရာ ၈၀ ကျော်ကိုလည်းကောင်း၊ Perikatna Nasional (PN) ပါတီက ကိုယ်စားလှယ်နေရာ ၇၀ ကျော်ကို လည်းကောင်း၊ Barisan Nasional (BN) ပါတီက ကိုယ်စားလှယ်နေရာ ၃၀ ကိုလည်းကောင်း၊ Gabungan Parti Sarawak (GPS) ပါတီက ကိုယ်စားလှယ်နေရာ ၂၀ ကိုလည်းကောင်း၊ အခြားပါတီများက ကိုယ်စားလှယ်နေရာ ၁၀ ကျော်ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း တွေ့ရှိရသည်။

 

နိဂုံး

 

မလေးရှားနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာ၌ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် မဲဆန္ဒရှင်ပြည်သူ တို့၏ ရပိုင်ခွင့်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ နည်းလမ်းကျသော ရွေးကောက်ပွဲများကျင်းပကာ ဒီမိုကရေစီလမ်းစဉ် ရှင်သန်အားကောင်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ရေးသားတင်ပြလိုက်ရပါသည်။